လာမယ့် ၂၀၂၆ နှစ်သစ်ကူး အားလပ်ရက်ရှည်မှာ ပြည်သူတွေနဲ့ ခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာ နားခိုနိုင်ဖို့အတွက် ထိုင်းနိုင်ငံရဲချုပ်က "ဒီနှစ်သစ်ကူးမှာ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှုက အကောင်းဆုံးလက်ဆောင် ဖြစ်ရမယ်" ဆိုတဲ့ မူဝါဒနဲ့အတူ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုံခြုံရေး အစီအမံတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၇ ရက်ကတည်းက စတင်ပြီး လက်နက်၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို ပိုက်စိပ်တိုက် နှိမ်နင်းနေပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၅ရက်နေ့အတွင်း ခရီးသွားမယ့်သူတွေအတွက် အိမ်မှာ ဘယ်သူမှမရှိလို့ စိတ်မပူရအောင် Police 4.0 အစီအစဉ်နဲ့ ရဲစခန်းမှာ ဖြစ်စေ၊ App ကနေဖြစ်စေ အိမ်အပ်ထားခဲ့လို့ ရပါတယ်။ ဒါ့အပြင် လူစည်ကားတဲ့ ကားဂိတ်၊ လေဆိပ်နဲ့ ခရီးသွားနေရာတွေမှာ ရဲအင်အား တိုးချထားမှာ ဖြစ်ပါသည်။



