လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော အချက်များမှာ ငွေစက္ကူ၏ စက္ကူသားမှာ ကြမ်းရှရှရှိနေခြင်း၊ (ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)၊ ငွေစက္ကူ၏ရှေ့မျက်နှာစာ လက်ဝဲဘက်ထောင့်ရှိ အညိုရောင်ကနုတ်ပန်းကို လက်ဖြင့် စမ်းသပ်ကြည့်ပါက ကြမ်းရှရှဖြစ်နေပြီး ဘေးတိုက်တိမ်းစောင်းကြည့်ခြင်း၊ အလင်းရောင်ဖြင့် ၄၅ ဒီဂရီတိမ်းစောင်း၍ကြည့်ပါက CBM စာသားကို ပေါ်လွင်ပြတ်သားစွာ တွေ့မြင်ရခြင်း၊ (ငွေစက္ကူအတုတွင် မတွေ့ရခြင်း)၊ ငွေစက္ကူမျက်နှာပြင်ပေါ်ရှိ ဒေါင်လိုက်ရိုက်နှိပ်ထားသော "တစ်သောင်းကျပ်" စာသားနှင့် တန်ဖိုး "၁၀၀၀၀" ဂဏန်းများကို လက်ဖြင့်ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း၊၊ (ငွေစက္ကူအတုတွင် ပြောင်ချောနေခြင်း)၊ ငွေစက္ကူမျက်နှာစာဘက်ရှိ "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတမ်းကို လက်ဖြင့် ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း၊(ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)၊ လွယ်ကူဆုံးအချက်အနေဖြင့် လုံခြုံရေးကြိုးမှာ အထက်အောက် လှုပ်ရှားကြည့်ပါက အရောင်ပြောင်းလဲခြင်း၊ (ငွေစက္ကူအတုတွင် အရောင်မပြောင်းပါ)၊ ငွေစက္ကူအစစ်တွင် လုံခြုံရေးကြိုးသည် ဒေါင်လိုက်တည့်မတ်စွာမြှုပ်ထားပြီး တစ်ပိုင်းပေါ် တစ်ပိုင်းမြှုပ်ဖြင့် ထည့်သွင်းထားခြင်းကြောင့် ပေါ်နေသောအစိတ်အပိုင်းများသည် စတုဂံကျကျ သေသပ်စွာရှိမနေခြင်းနှင့် ငွေစက္ကူကိုအလင်းရောင်တွင် ထောင်ကြည့်ပါက တဆက်စပ်တည်း မြင်ရခြင်း၊ (ငွေစက္ကူအတု၏ လုံခြုံရေးကြိုးမှာ အပေါ်မှသေသပ်စွာ ဒေါင်ကျကျကပ်ထားခြင်းသာဖြစ်ပြီး အတွင်းမြှုပ်နှံထားခြင်းမရှိပါ) ကြောင်း ခွဲခြားပြထားသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ (၁၀၁) အရ တားမြစ်ထားသော ငွေစက္ကူအတုများအား အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းပြုလုပ်ပါက မည်သူမဆို ပုဒ်မ (၁၀၁) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ (၁၀၅) အရ ထိုသူကို ငွေဒ-ဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒ-ဏ်ဖြစ်စေ၊ ဒ-ဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ငွေစက္ကူအတုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးသွားရန်နှင့် တာဝန်ရှိသူအသီးသီးမှလည်း တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။



