ယခု ဒီဇင်ဘာ ပထမပတ်အတွင်း စျေးကွက်သို့ ဝင်ရောက်လာသော သဇင်ပန်းများသည် ယခင်နှစ်ကထက် စျေးနှုန်း နှစ်ဆခန့် မြင့်တက်လျက်ရှိကြောင်း အလှပန်းရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်က အခက်သေးတစ်ခက်လျှင် ကျပ် ၃,၀၀၀ မှ ၄,၀၀၀ ခန့်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၇,၀၀၀ မှ ၈,၀၀၀ ကျပ်အထိ မြင့်တက်လာသည်။ အခက်ကြီးဆိုဒ် အလှတစ်ခက်လျှင်မူ ကျပ် ၁၅,၀၀၀ အထိရှိသည်။ လက်ရှိတွင် ရန်ကုန်စျေးကွက်အတွင်းသို့ မင်္ဂလာဒုံ၊ မှော်ဘီဘက်မှ စိုက်ပျိုးမှုများ အများဆုံး ဝင်ရောက်နေပြီး မုဒုံနှင့် မော်လမြိုင်ဘက်မှ ပန်းအချို့လည်း ဝင်ရောက်မှုရှိသည်။ သဇင်ပန်းများကို အရွယ်အစားအလိုက် (၄) လက်မအရွယ်ကို အခက်သေး၊ (၅-၆) လက်မအရွယ်ကို အခက်အလတ်၊ (၆) လက်မအထက်ကို အခက်ကြီးအဖြစ် သတ်မှတ်ရောင်းချကြပြီး စျေးနှုန်းမှာ တစ်ခက်လျှင် ၈,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။


