ရုရှားတွင် စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် မိခင်နိုင်ငံကိုပြန်ရောက်လာသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။KCNA သတင်းအရ ကင်ဂျုံအွန်က ၎င်း၏မိန့်ခွန်းတွင် အင်ဂျင်နီယာတပ်ရင်း ၅၂၈ မှ အရာရှိများနှင့်စစ်သည်များ၏ ရက်ပေါင်း ၁၂၀ ကြာ ပြည်ပတာဝန်ကျေပွန်ခဲ့မှု ၊ သူရဲကောင်းဆန်မှုတို့ကို ချီးကျူးပြောဆိုခဲ့သည်။ထုတ်ပြန်ခဲ့သည့် ရုပ်သံမှတ်တမ်းတွင် စစ်ဝတ်စုံဖြင့်စစ်သည်များက လေယာဉ်ပေါ်မှ ဆင်းလာကြပုံ၊ ဝှီးချဲကုလားထိုင်ပေါ်မှ စစ်သည်တစ်ဦးကို ကင်ဂျုံအွန်က ပွေ့ဖက်နေပုံ၊ စစ်သည်များအားကြိုဆိုရန် စုဝေးနေပုံများကို ရိုက်ကူးပြသထားသည်။ယူကရိန်းနှင့်ရုရှား စစ်ပွဲဖြစ်ပွားနေမှုအတွင်း ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသ၌ မြောက်ကိုရီးယားစစ်သားများက တိုက်ခိုက်ရေးနှင့် အင်ဂျင်နီယာတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း KCNA က ပြောကြားခဲ့သည်။ယူကရိန်းကို တွန်းလှန်ရာတွင် ကူညီပေးခဲ့သည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များက ယခုအခါ ထိုဒေသရှိ မိုင်းရှင်းလင်းရေးအလုပ်တွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြီးခဲ့သည့်လတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရေးစာချုပ်အရ မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က စစ်သားပေါင်း ၁၄,၀၀၀ ခန့် ကို ရုရှားဘက်မှကူညီတိုက်ခိုက်ရန် ကာ့စ်ခ်ဒေသသို့စေလွှတ်ခဲ့ပြီး ၆,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု တောင်ကိုရီးယား၊ ယူကရိန်းနှင့် အနောက်အုပ်စု သတင်းရင်းမြစ်များက ပြောသည်။ကြိုဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်က ပြုံယမ်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်တပ်အကြီးတန်းအရာရှိများ၊ ပါတီခေါင်းဆောင်များ၊ စစ်ဘက်မိသားစုများ တက်ရောက်ခဲ့သည်။
Dec 14 • 7:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


