မန္တလေးမဟာမြတ်မုနိဘုရားကြီး(မဟာမြတ်မုနိရုပ်ရှင်တော်မြတ်)အား၊ ခြုံထည်ကတ္တီပါ သင်္ကန်းကပ်လှူပူဇော်နိုင်ရန် ဂေါပကအဖွဲ့ကစီစဉ်ပေးထားကြောင်း သိရသည်။ချမ်းအေးလွန်းလှသည့်ဆောင်းတွင်းအခါသမယ၌၊ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများအတွက်၊ ကုသိုလ်ကောင်းမှုတစ်ခုအဖြစ်စီစဉ်ပေးထားခြင်းဖြစ်ကြောင်း၊ ဂေါပကအဖွဲ့က ဆိုသည်။“သက်တော်ထင်ရှားဂေါတမမြတ်စွာဘုရားအားရည်မှန်းပူဇော်ကြတာဆိုတော့၊ ဒီလိုရာသီမှာ ခြုံထည်ကတ္တီပါ သင်္ကန်းလှူနိုင်ဖို့၊ လူကြီးတွေကကုသိုလ်ပြုစီစဉ်ပေးထားတာပါ” ဟု ဂေါပကအဖွဲဲ့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ကပြောသည်။အသင့်ပြင်ဆင်ထားပြီးသား ခြုံထည်ကတ္တီပါသင်္ကန်းတစ်ထည်လျှင်၊ ငွေကျပ်(၉၀,၀၀၀)နှုန်းဖြင့်ကြိုတင်ငွေသွင်း၍လှူဒါန်းနိုင်ပြီး၊ လှူဒါန်းမည့်ရက်အား (၃)ရက်ကြိုတင်စာရင်းပေးရမည်ဖြစ်ကြောင်း သိရသည်။မန္တလေး မဟာမြတ်မုနိဘုရားကြီးအား၊ ခေတ်အဆက်ဆက် သက်တော်ထင်ရှားဂေါတမမြတ်စွာဘုရားရှင်အား ကိုးကွယ်ပူဇော်သည့်အစဉ်အလာအတိုင်း၊ ယနေ့အထိဆောင်ရွက်နေခြင်းဖြစ်ပြီး၊ နေ့စဉ် နံနက်အရုဏ်တက်ချိန်တွင် မျက်နှာသစ်တော်ရေဆက်ကပ်လှူဒါန်းခြင်းဖြင့် ဘုရားကြီးအားရောင်တော်စဖွင့်သည်။



