ထိုင်း F-16 တိုက်လေယာဉ်များသည် ကမ္ဘောဒီးယားနိုင်ငံ၊ အော်ဒါမိန်းချေး ပြည်နယ်ရှိ ကာစီနိုရုံနှင့် ဆီလှောင်ကန်ကို ယမန်နေ့ညတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ၎င်းတို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ထို့ပြင် ကမ္ဘောဒီးယား၏ အသေခံဒရုန်း ထိန်းချုပ်စခန်းနှင့် BM-21 ဒုံးကျည် ပြည်လည် ဖြည့်ဆည်းသည့် နေရာတို့ကို ချေမှုန်းရန် လက်နက်ကြီးများကို အသုံးပြုခဲ့ကြောင်း ဆိုသည်။ယမန်နေ့ တစ်ညလုံးတွင်လည်း အဓိကနယ်စပ် နေရာများတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး ကမ္ဘောဒီးယားဘက်မှ လက်နက်ကြီးကြောင့် ထိုင်းစစ်သည်နှစ်ဦး ထပ်မံကျဆုံးခဲ့ကာ စုစုပေါင်း ကျဆုံးသူ ကိုးဦးရှိလာပြီဖြစ်သည်။၎င်းတို့မှာ စက်သေနတ်သမား တပ်သားချန်ချိုင်းနှင့် လောင်ချာသမားတပ်သားသာနာခွန်းတို့ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခများအတွင်း တိုက်ပွဲနယ်မြေနှစ်ခု၌ မော်တာကျည် ထိမှန်မှုကြောင့် ကျဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။ထို့နောက် ထိုင်း ဘူရာဖာ စစ်ဆင်ရေးတပ်ဖွဲ့မှ ခလောင်းဟတ် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ၎င်း၏နယ်မြေ ဖြစ်သော အမှတ် (၃၂၃) တောင်ကုန်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ယင်းတောင်ကုန်းသည် ဆာကဲအိုပြည်နယ်၊ ခလောင်းဟတ်ခရိုင်၊ ခလောင်းကိုင်ထူရန်း မြို့နယ်ခွဲတွင် တည်ရှိသည်။အိမ်နီးချင်းနှစ်နိုင်ငံ အကြား ပဋိပက္ခ ပိုမိုအရှိန်မြင့်လာပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ လေးရက်မြောက် နေ့အထိ ပြင်းထန်လာရာ ထိုင်းက တိုက် လေယာဉ်များနှင့်လက်နက်ကြီးများဖြင့် ကမ္ဘောဒီးယားပြည်နယ်ငါးခုကို တိုက် ခိုက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြော သည်။



