အမေရိကန်အရာရှိတွေ မိတ်ဆက်လိုက်တဲ့ အဆိုပြုချက်အရ ဗြိတိန် အပါအဝင် ကမ္ဘာတစ်ဝန်းနိုင်ငံတွေက အမေရိကန်သို့ လာရောက်လည်ပတ်ကြမယ့် နိုင်ငံခြားခရီးသွားတွေအနေနဲ့ ပြည်မဝင်ခင် သူတို့ရဲ့ လွန်ခဲ့တဲ့ ၅နှစ်တာ လူမှုမီဒီယာ ရာဇဝင်ကို မေးမြန်း စစ်ဆေးခံရနိုင်ကြောင်း သိရပါတယ်။အဲဒီ သတ်မှတ်ချက်အသစ်အရ အမေရိကန်သို့ ဗီဇာ မလိုဘဲ ရက် ၉၀ ကြာ လာရောက်လည်ပတ်ခွင့်ရှိတဲ့ နိုင်ငံဒါဇင်ပေါင်းများစွာရှိ လူတွေ ESTA လို့ခေါ်တဲ့ အွန်လိုင်းခရီးသွားလာခွင့် ပုံစံ ဖြည့်သွင်းရမှာ ဖြစ်တာကြောင့် သူတို့အပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ဇန်နဝါရီလက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း သမ္မတ ဒေါ်နယ် ထရန့်က အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး အမေရိကန် နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ ဆောင်ရွက်နေပါတယ်။အမေရိကန်ရဲ့အစီအစဉ် အသစ်ကြောင့် လာရောက်လည်ပတ်နိုင်ခြေရှိသူတွေအတွက် အဟန့်အတား ဖြစ်စေမှာ ဖြစ်ပြီး သူတို့ရဲ့ ဒီဂျစ်တယ် အခွင့်အရေးတွေ ထိခိုက်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။အဲဒီ အဆိုပြုချက်ကြောင့် အမေရိကန်သို့ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက် သိသိသာသာ လျော့ကျသွားနိုင်သလားလို့ မေးမြန်းချိန်မှာ ထရန့်က အဲဒါနဲ့ ပတ်သက်လို့ မစိုးရိမ်ဘူးလို့ တုံ့ပြန်ပါတယ်။
အမေရိကန်သို့ ဗီဇာမလိုဘဲ ခရီးသွားနိုင်တဲ့ နိုင်ငံတွေက နိုင်ငံသားတွေအနေနဲ့ လက်ရှိမှာ အွန်လိုင်းက ခရီးသွားလာခွင့် ပုံစံ ဖြည့်သွင်းမယ်ဆိုရင် သတင်းအချက်အလက် အကန့်အသတ်နဲ့ပဲ ဖြည့်သွင်းဖို့ လိုအပ်ပြီး တစ်ကြိမ်ပေး အဖိုးအခ ဒေါ်လာ ၄၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ဒီစနစ်မှာ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန် အပါအဝင် နိုင်ငံပေါင်း ၄၀ လောက်က နိုင်ငံသားတွေ အကျုံးဝင်နေပြီး သူတို့အနေနဲ့ နှစ်နှစ်တာ ကာလအတွင်း အမေရိကန်သို့ အကြိမ်များစွာ ဝင်ထွက်ခွင့် ရှိပါတယ်။လူမှုမီဒီယာ သတင်းအချက်အလက်တွေ အပြင် လျောက်ထားသူတွေရဲ့ လွန်ခဲ့တဲ့ ၅နှစ်၊ ၁၀ နှစ်က အသုံးပြုခဲ့တဲ့ ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာလည်း ဖြည့်သွင်းရမှာ ဖြစ်ကြောင်း သိရပါတယ်။



