ပြည်တွင်း၌ပေါ်ဆန်းစပါးကို ညအလင်းပေးခြင်းနည်းပညာဖြင့်စိုက်ပျိုးမှုတွင် မျှော်မှန်းချက်ရလဒ်ကောင်းများရရှိလာပါက စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် အသုံးချဆောင်ရွက်နိုင်ပြီး နည်းပညာပြန့်ပွားရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်) မှ သိရပါတယ်။ လက်ရှိမှာ နိုင်ငံခြားဈေးကွက်ဝင် အရည်အသွေးမြင့် မြန်မာ့ဂုဏ်ဆောင်ပေါ်ဆန်းစပါးကို မိုးရာသီကာလတွင်သာမက မူရင်း စပါးစိုက်ပျိုးချိန်ကာလများတွင်ပါ ညအလင်းပေးခြင်းနည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် သုသေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ထိုသို့ စမ်းသပ်စိုက်ပျိုးခြင်းသုတေသနလုပ်ငန်းကို ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မူရင်းစပါးစိုက်ပျိုးချိန် ကာလတွေမှာပါ စိုက်ပျိုးနိုင်မည်ဆိုပါက ပေါ်ဆန်းဆန်ထုတ်လုပ်မှု ပိုမိုအားကောင်းလာနိုင်မှာဖြစ်သလို အကျိုးအမြတ်ပိုမိုရရှိနိုင်မှာ ဖြစ်တယ်လို့လည်း အဆိုပါဌာနရဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ပေါ်ဆန်းစပါးသည် အလင်းတုံ့ပြန့်မှုရှိသော ရာသီစပါးဖြစ်သည့်အတွက် ပုံမှန်စိုက်ပျိုးချိန်ဖြစ်သည့် မိုးရာသီ ဇွန်လ မှ ဩဂုတ်လများအတွင်း စိုက်ပျိုးလေ့ရှိသည့် စပါးမျိုးဖြစ်ကြောင်းလည်းသိရပါတယ်။
ထိုသို့ အလင်းတုံ့ပြန်သည့် စပါးမျိုးဖြစ်သည့်အတွက် အလင်းတာတိုကာလတွင် စိုက်ပျိုးပါက အပင်ပိုင်း ကြီးထွားမှုထက် မျိုးပွားခြင်းအဆင့်ကို လျင်မြန်စွာပြောင်းလဲသွားနိုင်ကာ စီးပွားဖြစ်အထွက်နှုန်းများ ရရှိရန် အကန့်အသတ်ရှိနိုင်တဲ့အတွက် အပင်ပိုင်းကြီးထွားမှုကာလကို ဆွဲဆန့်နိုင်ရန် ဆက်တိုက်အမှောင် ကာလရှည်ကို ဖြတ်တောက်ရန် ရည်ရွယ်သည့်အနေဖြင့် ညအချိန်တွင် အလင်းပေးခြင်းဆိုင်ရာ သုတေသနဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
လက်ရှိမှာ ပေါ်ဆန်းစပါးကို ပျိုးပင်အဆင့်တွင် ညမီးအလင်းပေးခြင်းဖြင့် သုတေသနပြု ဆောင်ရွက်လျက်ရှိပြီး ပေါ်ဆန်းရင်စပါးမျိုးအား သုတေသနအသုံးပြုကာ စိုက်ပျိုးချိန်ကာလအဖြစ် နိုဝင်ဘာ ပထမပတ်၊ ဒုတိယပတ်၊ တတိယပတ် စသဖြင့်ထားရှိကာ ညအလင်းရောင်ပေးခြင်း စမ်းသပ်ချက်နှင့် ညအလင်းရောင်မပေးခြင်း စမ်းသပ်ချက်တို့အား နှိုင်းယှဉ်စမ်းသပ်ထားခြင်းဖြစ်ကြောင်း၊ ညအလင်းရောင်ပေးခြင်း စမ်းသပ်ချက်တွင်လည်း ပျိုးပင် သက်တမ်း ၇ ရက်မှ ၂၅ ရက်အထိ LED (100W) မီးလုံးများ ပျိုးပင်များပေါ်သို့ သတ်မှတ်သည့် အလင်းရောင် အတိုင်းအတာအတွင်း ကျရောက်ရန် လုံလောက်စွာမီးထွန်းပေးခြင်းကို ည ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ ၁ နာရီခန့် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။


