မန္တလေးမှာ တရားမဝင် သုံးလုံးထီ ( ချဲဂဏန်း) ကို ပေါက်မဲအဖြစ် သတ်မှတ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းကာ ကားကို မဲဖောက် ရောင်းချနေသူ အမျိုးသားကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ် လို့သိရပါတယ် ။ လူမှုကွန်ရက်စာမျက်နှာမှာ " ရွှေဘုန်း Automobile Channel 1 " နာမည်နဲ့ ကားမဲလက်မှတ်တွေကို ရောင်းချပြီး ပေါက်မဲကို ဒီလ ၁၆ ရက်နေ့ ချဲဂဏန်း အဖြစ် သတ်မှတ်ကာ ကားနှစ်စီး ကိုမဲဖောက်ဖို့ ကြေငြာထား တဲ့အတွက် မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ Automobile Channel ပိုင်ရှင်ဖြစ်သူ ကိုနေမျိုးထက် ဆိုသူကို မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ သီရိမင်္ဂလာအိမ်ရာ၊ တိုက်(E)၊ အခန်း(၈) မှာ MDY-2/1S-XXXX FORD RANGER အနက်ရောင် ကား ၊SHN-38/5I-XXXX TOYOTA WISH အဖြူရောင် ကား နဲ့အတူ လက်ပ်တော့ တလုံး ၊ ချဲဂဏန်းတွေ ရေးမှတ်ထားတဲ့ စာအုပ် ငါးအုပ်ကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ် ။ ကံစမ်းမဲ လက်မှတ်နူန်းထားတွေအနေနဲ့ ကားအမျိုးအစားအလိုက် မဲတမဲကို သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ် နဲ့ နှစ်သိန်းတသောင်း ငါးထောင်ကျပ် ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအတွက် ချမ်းအေးသာစံ အမှတ် (၃) နယ်မြေရဲစခန်းက Automobile Channel page ပိုင်ရှင်ကို လောင်းကစားဥပဒေပုဒ်မ ၁၈(က) နဲ့ အမှုဖွင့်အရေးယူထား တယ်လို့ သိရပါတယ် ။



