ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား စစ်ရေးအရ ခြိမ်းခြောက်နေသည်မှာ လုံး၀လက်သင့်ခံ၍ မရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်းမြို့တော်သို့ ရောက်ရှိနေသော ဂျာမနီနိုင်ငံခြားရေးဝန်ကြီးယိုဟန်ဝါဒီဖူးလ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကိုစစ်ရေးအရ ခြိမ်းခြောက်နေကြောင်းနိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စွပ်စွဲခဲ့ခြင်းဖြစ်သည်။ယခုနှစ်သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု နှစ်(၈၀)ပြည့်မြောက်သည့် နှစ်ဖြစ်ရာ စစ်ရှုံးနိုင်ငံဖြစ်သော ဂျပန်နိုင်ငံအနေဖြင့် တွေးတွေးဆဆ ပြုမူဆောင်ရွက်သင့်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဝမ်ယီက ပြောကြားခဲ့သည်။
တရုတ်(တိုင်ပေ)နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနာအိတာကာအိချီ၏ ရပ်တည်ချက်ကြောင့်လက်ရှိအချိန်တွင် တရုတ်နှင့် ဂျပန်တို့အကြား သံတမန်ဆက်ဆံရေး တင်းမာလျက်ရှိသည်။တရုတ်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခဲ့ပါက ဂျပန်၏ စစ်ရေးတုံ့ပြန်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချီက ပြီးခဲ့သည့်နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့ရာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ဆိုးဆိုးရွားရွား တင်းမာခဲ့ရသည်။တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)ကို ပြည်မကြီး အချုပ်အခြာပိုင်နယ်မြေအဖြစ် မှတ်ယူထားပြီး
လိုအပ်ပါက စစ်ရေးနည်းလမ်းသုံး၍ပြည်မကြီး အချုပ်အခြာအောက်ထည့်သွင်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။



