အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ ဒရုန်းကုမ္ပဏီတခုရဲ့ ရုံးခန်းအဆောက်အအုံမှာ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၂၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်ဂျကာတာရှိ အဲဒီခုနစ်ထပ်အဆောက်အအုံမျာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ဝန်ထမ်းတွေ နေ့လယ်စာစားချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမထပ်မှာ ဘက်ထရီတလုံး ပေါက်ကွဲပြီးနောက် မီးလောင်မှုစတင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဆောက်အအုံမှာ ဒရုန်း ကုမ္ပဏီတခု အခြေစိုက်ပြီး သေဆုံးသူအများစုမှာ အမျိုးသမီးတွေဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေအနက် တယောက်ကတော့ ကိုယ်ဝန်ဆောင်ဖြစ်ကာ အများစုမှာ မီးလောင်ဒဏ်ရာထက် မီးခိုးငွေ့ကြောင့် အသက်ရှူကြပ်ပြီး သေဆုံးခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။မီးလောင်မှုကို မီးသတ်သမား ၁၀၀ ကျော်နဲ့ မီးသတ်ကား ၂၈ စီးအသုံးပြုငြှိမ်းသတ်ခဲ့ရပြီး ပိတ်မိနေတဲ့ ဝန်ထမ်းတွေကို မီးသတ်လှေကားတွေနဲ့ ကယ်တင်ခဲ့ရပါတယ်။ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီးနောက် အဆောက်အအုံရဲ့ အပေါ်ထပ်တွေမှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်ပြီး ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေကို မည်သူမည်ဝါ စိစစ်ခွဲခြားနေပါတယ်။ ကုမ္ပဏီဟာ လေကြောင်းစစ်တမ်းကောက်ယူခြင်းနဲ့ မြေပုံရေးဆွဲခြင်းမှသည် စစ်ဆေးခြင်းနဲ့ စိုက်ပျိုးရေးအထိအသုံးပြုနိုင်တဲ့ ဒရုန်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။



