ပြည်တွင်း၌ဖုန်းပြုပြင်သောဆိုင်အများစုတွင် ယခုနောက်ပိုင်း စျေးကွက်အတွင်းအပိုပစ္စည်းရှားပါးလာမှုကြောင့် ဖုန်းအစုတ်များကို ပြန်ဝယ်ယူစုဆောင်း လာကြေကြောင်း ဖုန်းပြင်ဆိုင်ဖွင့်ထားသူများထံမှ သိရသည်။အဆိုပါ ဖုန်းအစုတ်များမှ မှန်ကြိုးများ၊ ဘက်ထရီများ၊ စက်ပြားများနှင့် ကင်မရာများအပါအဝင် ပြင်ဆင်ရာတွင် လိုအပ်သော အစိတ်အပိုင်းများအတွက် ထုတ်ယူသုံးစွဲခြင်းများရှိပြီး ဖုန်းအစုတ်များကို အနိမ့်ဆုံးအောက်စျေးများဖြင့်လိုက်လံဝယ်ယူ လုပ်ကိုင်နေကြခြင်းလည်းဖြစ်သည်။“အပိုပစ္စည်းကရှားလာတယ်၊ အရင်လိုသိပ်မဝင်တော့ဘူး၊ တစ်ခါခါပစ္စည်းလိုလို့ မင်္ဂလာတောင်ညွန့်ဘက်နဲ့ ပလာဇာထဲပတ်ရှာရင်တောင် တစ်နေကုန်ခြေတိုပြီး လိုတဲ့ပစ္စည်းမျိုးရမလာဘူး၊ ရခဲ့ပြန်ရင်လည်း စျေးကများတော့ ကိုယ့်ပြင်ခထဲက မကျန်ဘူး၊ ပစ္စည်းစျေးကြီးလို့ ပြင်ခတိုးတောင်းရင် ဆိုင်ကိုလူမလာတော့ဘူး၊ အဲဒီလိုတွေ ဖြစ်လာတာ”ဟု ဖုန်းပြင်ဆိုင်ဖွင့်ထားသူ တစ်ဦးက ရှင်းပြသည်။ထိုဖုန်းအစုတ်များကို ပစ္စည်းအဟောင်းများရောင်းချသောသူများထံမှ တစ်ဆင့်လိုက်လံဝယ်ယူခြင်းများရှိပြီး ဟန်းဆက်တစ်ခုချင်းအလိုက် Touch Screen များကို ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြားဖြင့်လည်းကောင်း၊ Keypad များကို ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်ကြားဖြင့်လည်းကောင်း၊ ဖုန်းမှန်ကြိုးနှင့် အောက်ခြမ်းအထိုင်များ၊ ဘက်ထရီများ၊ ဖုန်းကင်မရာများ စသည်တို့ကို ပိဿာချိန်ဖြင့်လည်းကောင်း ဝယ်ယူကာပြန်လည်သုံးစွဲခြင်းများလည်းရှိကြောင်း သိရသည်။



