ယခုနောက်ပိုင်းတွင် ဘုရားပွဲများအပါအဝင် စျေးရောင်းပွဲတော်များနှင့် ပွဲစျေးများကို ရန်ကုန်မှ မြို့နယ်အချို့တွင် ကျင်းပလာသလို စက္ကူအရုပ်ပြုလုပ်၍ အသက်မွေးသူများအတွက် စျေးကွက်အခွင့်အလမ်းကောင်းများ ဖန်တီးစရာအခြေအနေမျိုးဖြစ်လာကြောင်း သိရသည်။“တကယ်တမ်းဖြန့်ကျက်ပြီးလိုက်ရောင်းနိုင်ရင်တော့ မဆိုးဘူး၊ အခုက ဘုရားစောင်းတန်းကဆိုင်တွေနဲ့ ဒေသအနီးအနားက ပွဲစျေးတွေလောက်မှာပဲ ရောင်းနိုင်သေးတယ်”ဟုလည်း စက္ကူအရုပ်များလုပ်ကိုင်သူတစ်ဦးက ပြောသည်။ထိုလုပ်ငန်းမှာ အိမ်တွင်းလက်မှုပညာလုပ်ငန်းမျိုးဖြစ်ပြီး စိတ်ဝင်စားသူများပြားကြခြင်းကြောင့် ပလတ်စတစ်အရုပ်များနှင့် ယှဉ်ပြိုင်ရောင်းချကြသော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်များမြင့်မားခြင်း၊ သယ်ယူပို့ဆောင်စရိတ်များမြင့်မားခြင်းနှင့် တစ်နိုင်တစ်ပိုင်မျိုးသာသာလောက်သာ လုပ်ကိုင်နိုင်သည့်အခြေအနေမျိုးဖြစ်ကြခြင်းကြောင့် ထင်သလောက်ဖြန့်ကျက်ရောင်းချနိုင်ခြင်းမျိုးမရှိသေးဘဲဖြစ်နေကြောင်း အဆိုပါစက္ကူအရုပ်လုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။ပုံမှန်အားဖြင့် ဘုရားစောင်းတန်းမှဆိုင်များ၊ စျေးများမှဆိုင်များနှင့် ၁၂ ပွဲစျေး စျေးသည်များထံသို့ ပို့ဆောင်ပေးရခြင်းများရှိပြီး စျေးကွက်အခွင့်အလမ်းကောင်းများရှိသော်လည်း ဆုပ်ကိုင်နိုင်မှုမရှိသေးသည့် အခြေအနေမျိုးဖြစ်နေကြောင်း ဆိုသူများလည်း ရှိကြသည်။



