ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ချေးငွေ ပမာဏ အများဆုံး ရယူထားပြီး ပြန်လည်ပေးဆပ်ရန်အများဆုံးကျန်ရှိနေသည့် တိုင်းဒေသကြီးဖြစ်ကာ ချေးယူထားသူများ၂၀၂၆ ခုနှစ် မတ်လအတွင်း အကျေပေးဆပ်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမ၌ပြုလုပ်သည့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ချေးငွေအများဆုံး ထုတ်ယူထားသည့် တိုင်းဒေသကြီးဖြစ်ပြီး ပြန်လည်ပေးဆပ်ရန်မှာလည်း အများဆုံးကျန်ရှိနေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ကုမ္ပဏီ/လုပ်ငန်းရှင်များအား အဓိကထား ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည့်အတွက် ချေးငွေများကို သုံးကြိမ်ခွဲပြီး ၂၀၂၆ ခုနှစ် မတ်လအတွင်း အကျေပေးဆပ်ရန်နှင့် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းများနှင့် အရေးယူဆောင်ရွက်ရခြင်းထက် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ပိုင်ငွေအား ပြန်လည်ပေးဆပ်ရမည့် အသိစိတ်ဓာတ်ဖြင့် ပြန်လည်ပေးဆပ်စေလိုကြောင်း ပြောကြားသည်။



