ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာကြီးအများစုတွင် ကုန်ကျစရိတ်လျှော့ချသည့်အနေဖြင့် အဲယားကွန်းဝန်ဆောင်မှုအချို့အပါအဝင် ဝန်ဆောင်မှုအချို့ကို လျှော့ချလုပ်ဆောင်ခြင်းများရှိလာကြောင်း အဆိုပါစျေးဝယ်စင်တာ၌ ဆိုင်ခန်းဖွင့်ထားသူများထံမှ သိရသည်။အရင်တုန်းကဆိုရင် အဲယားကွန်းအကုန်ဖွင့်ပေမယ့် အခုနောက်ပိုင်းတစ်ဝက်လောက်ပဲဖွင့်တော့တယ်၊ နေ့လယ်နေ့ခင်းတွေနဲ့ အစိုးရရုံးပိတ်ရက်တွေမျိုးဆိုရင်လာတဲ့သူတွေများတာရယ်၊ အပြင်မှာကနေတအားပူနေတာရယ်ဆိုတော့ စင်တာအထဲမှာ အအေးဓာတ်ကိုမရှိတော့ဘဲ မွမ်းကျပ်သလိုတောင်ဖြစ်တယ်”ဟု စင်တာကြီးတစ်ခုအတွင်း ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။အဆိုပါ စင်တာကြီးများတွင် ယခင်က လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် မီးစက်ဖြင့်လျှပ်စစ်ဓာတ်အားမောင်းနှင်နေချိန်တွင် အသက်ရှူမကျပ်ရုံအနေအထားလောက်သာ အဲယားကွန်းအချို့ဖွင့်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ပုံမှန်လျှပ်စစ်မီးလာနေသည့်အချိန်၌ မီတာခနှင့် အထွေထွေကုန်ကျစရိတ်များအတွက် လျှော့ချနိုင်ရန် အဲယားကွန်းအနည်းငယ်လောက်ကိုသာဖွင့်ခြင်းနှင့် သန့်ရှင်းရေးအပိုင်းအပါအဝင်လုပ်သားအင်အားလျှော့ချခြင်းများဖြင့်လည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ကုန်ပစ္စည်းဆိုင်ရာပရိုမိုးရှင်းပွဲများအပါအဝင် ပရိုမိုးရှင်းပွဲများကို စင်တာကြီးများအတွင်းပြုလုပ်ရာတွင် လာရောက်သူများအတွက် အဆင်ပြေစေရန် ပွဲကျင်းပရာ Floor အတွင်း၌ အဲယားကွန်းများအပြည့်ဖွင့်ခြင်းအပါအဝင် စင်တာဘက်မှဝန်ဆောင်မှုများအတွက် ပွဲကျင်းပသူမှကုန်ကျခံကြရခြင်းများလည်းရှိကြောင်း ပွဲကျင်းပသူများထံမှ သိရသည်။



