ထိုင်းမင်းသမီး Rybena “Nana” Intachai ကို ငွေကြေးလိမ်လည်ချေးငှားမှုနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက ဘန်ကောက်၊ Watthana ခရိုင်မှာရှိတဲ့ နေအိမ်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်ဖ-မ်းဆီးလိုက်ပါတယ်။ သူမရဲ့ မိတ်ဆွေအရင်းခေါက်ခေါက် ၁၇ ဦးက စုစုပေါင်း ဘတ် ၁၉၅ သန်းလောက် လိမ်လည်ရယူထားတယ်ဆိုပြီး ပြီးခဲ့တဲ့လအလယ်လောက်က တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။Nana ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကစပြီး စတော့ရှယ်ယာ၊ ဘတ်စကက်ဘောကွင်းနဲ့ နိုင်ငံရပ်ခြား စားသောက်ဆိုင်တွေမှာ ရင်းနှီးမြှုပ်နှံရင် တစ်လကို ၄ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ အမြတ်ပြန်ရမယ်လို့ ပြောဆိုစည်းရုံးခဲ့တာပါ။ နစ်နာသူတွေထဲမှာ မင်းသမီး Janie Tienphosuwan လည်း ပါဝင်ပြီး အမေရိကန်မှာ စားသောက်ဆိုင်ဖွင့်မယ်ဆိုတဲ့ တကယ်လက်တွေ့မရှိတဲ့ စီမံကိန်းအတွက် ဘတ် ၃ သန်းလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့က Nana ပိုင်ဆိုင်တဲ့ ကား၊ အိတ်၊ နာရီ၊ လက်ဝတ်ရတနာနဲ့ Art Toy အရုပ်တွေ အပါအဝင် တန်ဖိုးငွေ ဘတ် ၁၀ သန်းဝန်းကျင်ရှိတဲ့ ပစ္စည်းတွေကိုလည်း စစ်ဆေးဖို့ သိမ်းဆည်းထားပါတယ်။ သူမရဲ့ ရှေ့နေကတော့ အာမခံရဖို့ ကြိုးပမ်းနေပေမယ့် ဒီအမှုဟာ ထောင်ဒဏ် ၃ နှစ်အထက် ကျခံရနိုင်တဲ့ အမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့က ဆင့်ခေါ်စာမပို့ဘဲ ဝရမ်းထုတ်ပြီး ဖ-မ်းဆီးခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ Nana က စွဲချက်တွေကို ငြင်းဆိုထားပြီး သူမအနေနဲ့ ငွေချေးတာ ဥပဒေနဲ့မလွတ်ကင်းမှန်း မသိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။ Thaitanium hip-hop အဖွဲ့ဝင် Way ရဲ့ ဇနီးဖြစ်သူ Nana က ပြီးခဲ့တဲ့လတုန်းကတော့ သူမအနေနဲ့ အကြွေးတွေတင်နေကြောင်း ဝန်ခံထားပြီး လောင်းကစားကြောင့်မဟုတ်ဘဲ စီးပွားရေးအဆင်မပြေလို့ ဖြစ်ရတာပါလို့ ရှင်းလင်းထားသလို အကြွေးတွေကို အမြန်ဆုံး ပြန်ဆပ်သွားမယ်လို့လည်း ကတိပေးထားပါတယ်။



