ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်များတွင် ယခုနောက်ပိုင်း ခရီးစဉ်အဆုံးအထိ မဆွဲဘဲ အခြားသောယာဉ်များဖြင့်ပြောင်း၍ တင်ဆောင်ပေးသောဖြစ်ရပ်များပိုများလာကြောင်း ကိုယ်တိုင်ကြုံသူများထံမှ သိရသည်။ယခင်က ဂက်စ်ဆိုင်အနီးဝန်းကျင်ရောက်ချိန်တွင် ဆိုင်အတွင်းဂက်စ်ထည့်ရန်စောင့်ဆိုင်းသော ယာဉ်စီးရေနည်းပါးနေသည့် အချိန်မျိုးတွင် ဂက်စ်မလုံလောက်တော့ကြောင်းပြောဆို၍ ယာဉ်ပေါ်ပါခရီးသည်များကို ဆင်းခိုင်းပြီး လိုင်းတူအခြားသော ယာဉ်များဖြင့် ပြောင်း၍တင်ဆောင်ခြင်းများရှိပြီး ယခုနောက်ပိုင်းတွင် ခရီးစဉ်အဆုံးအထိမပြေးဆွဲတော့ဘဲ လိုင်းမတူသည့် အခြားယာဉ်များဖြင့် တင်ဆောင်စေခြင်းများရှိလာခဲ့သည်။“ဂက်စ်ဆိုင်ထဲဖြည့်မယ့်ကားနည်းနေတဲ့အချိန်ဆို ဂက်စ်မလောက်တော့ဘူးပြောပြီး ကားပြောင်းစီးခိုင်းတယ်၊ ခရီးသည်တွေက လိုင်းတူနောက်ကားတစ်စီးရောက်ဖို့ အကြာကြီးစောင့်ရတာမျိုးရှိတယ်၊ ရောက်လာပြန်တော့လည်း အဲဒီကားမှာ နဂိုကတည်းက ပါလာတဲ့ခရီးသည်နဲ့ဆိုတော့ပြည့်သိပ်ကျပ်နေရော၊ အခုက ပိုဆိုးတယ်၊ ဂိတ်ဆုံးအထိ မဆွဲတော့ဘူး၊ တခြားလိုင်းကကားသမားကို ခရီးသည်ဘယ်နှစ်ယောက်စာအတွက် ဘော်ဒါကြေးဆိုပြီး ပေးကာကားပြောင်းတင်ပေးတာတွေရှိတယ်၊ ဒီလိုမျိုးလမ်းမှာကားပြောင်းရတော့ အချိန်လည်းကြာတဲ့အပြင် အခက်အခဲလည်းဖြစ်ရပါတယ်”ဟုလည်း ကိုယ်တိုင်ကြုံသူတစ်ဦးက ပြောသည်။ထိုသို့ဂိတ်ဆုံးထိမပြေးဆွဲဘဲကားပြောင်း၍ တင်ဆောင်မှုကို ဂက်စ်ဆိုင်များတည်ရှိရာအနီးနေရာတွင် လည်းကောင်း၊ တညင်းကုန်းလမ်းဆုံ၊ သမကုန်းလမ်းဆုံ၊ ထောက်ကြန့်လမ်းဆုံ၊ စံပြစျေး စသည့်နေရာများ၌ အများဆုံးလုပ်ဆောင်နေကြပြီး ဆူးလေ-ဥက္ကံ တိုက်ရိုက်ယာဉ်လိုင်းဖြစ်သော YBS ၁၀၆ လိုင်း၌ပင် ဂိတ်ဖျားဖြစ်သည့် ခြောက်ထပ်ရုံးမှတ်တိုင်တွင် ဂက်စ်သွားထည့်မည်ဟုဆိုကာ ဂိတ်ဖျားမှစီးနင်းသော ဥက္ကံသွားမည့်ခရီးသည်များကိုမတင်ဆောင်ဘဲ အလွတ်မောင်းနှင်သွား၍ စံပြဂျပန်ဆေးရုံအနီးရှိ စိန်ဂျွန်းမှတ်တိုင်ရောက်မှသာ ခရီးသည်တင်ဆောင်ခြင်းများလည်းရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံကြသောခရီးသည်များထံမှ သိရသည်။မြို့တွင်းခရီးသည်ပို့ဆောင်ရေးတွင် ယခင်မထသခေတ်က အလားတူ ဂိတ်ဆုံးအထိမပြေးဆွဲဘဲ အခြားသော ယာဉ်များဖြင့် ပြောင်းလဲတင်ဆောင်မှုများပြားခဲ့ပြီး နောက်ပိုင်းတွင် YRTA ၊ ယခု YRTC ပြောင်းလဲရာတွင် ဂိတ်ဆုံးအထိမပြေးဆွဲသော အလားတူဖြစ်ရပ်များမရှိသလောက်ဖြစ်သွားခဲ့သည်။ သို့ရာတွင် နောက်ပိုင်းတွင် ဂိတ်ဆုံးအထိမပြေးဆွဲသောအဖြစ်မျိုး ပြန်လည်လုပ်ဆောင်လာပြီး ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာကြောင်းသိရသည်။



