အစားအစာ စားသုံးပုံ ဖောက်ပြန်မှုများကြောင့် ရုပ်နှင့် စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ဗြိတိန်သုတေသန ပညာရှင်များက ပြောကြားထားပါတယ်။ကိုယ်အလေးချိန်ကို လျှော့နိုင်သမျှ လျှော့ချရေးအတွက် ကယ်လိုရီစားသုံးမှုကို အပြင်းအထန်ကန့်သတ်မှု (Anorexia) နှင့် အလွန်အကဲစားသုံးတတ်မှု (Binge eating) ကဲ့သို့ အစာစားသုံးပုံ ဖောက်ပြန်မှုပုံစံများကြောင့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အသည်းပျက်စီးခြင်းကဲ့သို့ ရုပ်ကျန်းမာရေးပြဿနာများ ပေါ်ထွက်လာနိုင်ခြေ မြင့်မားလာတတ်ကြောင်းလည်း ပညာရှင်များက ဆိုထားပါတယ်။အစာစားသုံးပုံ ဖောက်ပြန်မှု ပြဿနာ ဖြစ်လာခဲ့ပြီးနောက် အထက်ပါ ရုပ်ကျန်းမာရေး ပြဿနာများဟာ နောင်နှစ်အတန်ကြာအထိ ပေါ်ထွက်လာနိုင်ခြေ မြင့်မားနေဆဲဖြစ်ကြောင်း ပညာရှင်များက ပြောကြားထားပါတယ်။ထို့ပြင် အစာစားသုံးပုံ ဖောက်ပြန်မှုပြဿနာများကြောင့် စိတ်ကျဝေဒနာအပါအဝင် စိတ်ကျန်းမာရေး ပြဿနာများ ပေါ်လာနိုင်ခြေလည်း မြင့်တက်လာနိုင်ပြီး အစားအစာ စားသုံးပုံ ဖောက်ပြန်မှု ပြဿနာရှိနေသူများဟာ ရောဂါဘယများကြောင့် အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးနိုင်ခြေလည်း မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။



