ထိုင်းနိုင်ငံ Nonthaburi ခရိုင်၊ Pak Kret မြို့နယ်မှာရှိတဲ့ တန်ဖိုးကြီးဇိမ်ခံကားတွေ ထားရှိထားတဲ့ ဂိုဒေါင်တစ်ခုမှာ ဒီနေ့ နိုဝင်ဘာလ ၂၈ ရက်မနက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။ ဒီမီးလောင်မှုကြောင့် Supercar ၅ စီးနဲ့ Tesla လျှပ်စစ်ကား ၄၅ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ဘတ်သန်း ၁၉၀ ကျော်မယ်လို့ ခန့်မှန်းရပါတယ်။Om Kret တမ်ဘွန် (ကျေးရွာအုပ်စု) မှာရှိတဲ့ အဆင့်မြင့် ကားဂိုဒေါင်တစ်ခုမှာ မီးလောင်နေကြောင်း မနက် ၈ နာရီခွဲလောက်မှာ သတင်းရရှိခဲ့တယ်လို့ Chaiyapruek ရဲစခန်းက ဒုတိယရဲမှူးကြီး Pol Lt Col Phon Phuenphrom က ပြောပါတယ်။Om Kret မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အနီးနားဒေသတွေက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်ကားတွေ အခင်းဖြစ်ပွားရာနေရာကို အမြန်ဆုံး သွားရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။အခင်းဖြစ်ပွားရာနေရာမှာ ရောက်နေတဲ့ မီးသတ်သမား Ekkarat Sartsanasunthornchai က ရဲတွေကို ပြောပြချက်အရ မနက် ၇ နာရီ ၅၀ မိနစ်လောက်မှာ CCTV မှတ်တမ်းထဲ အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားတာ တွေ့ရပြီး လျှပ်စစ်ဝါယာရှော့ဖြစ်ရာကနေ မီးစလောင်တာလို့ ယူဆရကြောင်း ပြောပါတယ်။မီးသတ်သမားတွေက အချိန်လုပြီး မီးငြှိမ်းသတ်ခဲ့ပေမယ့် မီးတောက်တွေက ဂိုဒေါင်တစ်ခုလုံးကို ဝါးမျိုသွားပြီး မီးသတ်ကားတစ်စီးကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာကြောင့် မီးသတ်သမားတွေပါ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရပါတယ်။ကနဦး စစ်ဆေးချက်တွေအရ ဘတ် သန်း ၁၀၀ တန်ဖိုးရှိ Supercar ၅ စီးနဲ့ ဘတ် သန်း ၉၀ တန်ဖိုးရှိ Tesla ကား ၄၅ စီး မီးထဲပါသွားသလို မီးသတ်ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းအမှန်ကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပါတယ်။



