ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီး ရွှေပြည်သာကွေ့ မီးပွိုင့်အနီးတွင် YBS 131 ယာဉ်လိုင်းမှ ယာဉ်တစ်စီးနှင့်တွဲကားတို့တိုက်မိပြီး YBS ယာဉ်မောင်းညပ်နေခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီကယ်ဆယ်မှုများလုပ်ခဲ့ရကြောင်း သွားရောက်ကူညီသူများထံမှသိရသည်။အဆိုပါယာဉ်တိုက်မှုမှာ နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီဝန်းကျင်ကဖြစ်ပွားသည်ဟုဆိုထားကြပြီး ယာဉ်မောင်းအမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့ရာ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက သွားရောက်ကူညီ၍ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြရသည်။ထိုနေရာအနီးတွင် ယာဉ်တိုက်မှုများဖြစ်ပွားလေ့ရှိတတ်ပြီး လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း YBS ယာဉ်တစ်စီးယာဉ်တိုက်မှုဖြစ်ကာ လူညပ်နေ၍ကယ်ထုတ်ရသောအဖြစ်မျိုးဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။တွံတေး-လှိုင်သာယာကားလမ်းတွင်လည်း ယနေ့(နိုဝင်ဘာ ၂၆ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က တမာတကောအောက်ထိပ်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ခဲ့ရာ လူညပ်နေခြင်းကြောင့် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။ထိုဖြစ်ရပ်တွင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာခြေကျိုးသွားခဲ့ပြီး အသက် ၃၀ အရွယ်အမျိုးသားမှာ ခြေကျိုး၊ နံရိုးကျိုး၊ ခေါင်းကွဲ ဒဏ်ရာများရရှိခဲ့ကြောင်းလည်း တွံတေးအခြေစိုက်စိတ္တသုခအသင်းမှ သိရသည်။



