လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက်ရှိ နမ့်ပေါင်၊ ဟိုယကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) က အစည်းအဝေး ခေါ်ယူခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာနှင့်အတူ တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။လားရှိုး-မိုင်းရယ်ကြားတွင် နမ္မဗောဒ၊ နမ့်ပေါင်၊ ဟိုယ စသည်ဖြင့် ဈေးများရှိပြီး ယင်းမတိုင်မီ နိုဝင်ဘာလ (၁၄) ရက်တွင် ဟိုယကျေးရွာအုပ်စုရှိ ဆိုင်ရှင်များကို ၁၂ မိုင်ခန့် ကွာဝေးသည့် လွယ်ငင်းကျေးရွာတွင် ခေါ်ယူကာ မြန်မာစာနှင့် သျှမ်းစာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ တပ်ဆင်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



