ဘော်ဆိုင်းဆေးရုံတွင်ဆေးကုသစရိတ် မြင့်တက်နေ၍ဒေသခံလူနာများ ပင်းတယဆေးရုံသို့ သွားရောက်ကုသနေရသဖြင့် အခက်အခဲကြုံရကြောင်း သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း တိုက်နယ်ဆေးရုံသည် ယခင်အစိုးရလက်ထက် က ရှမ်းပြည်နယ်အတွင်း အကောင်းဆုံး တိုက်နယ် ဆေးရုံ ဆုကို ရရှိထားသော်လည်း ၊ လက်ရှိအချိန်တွင် ကုန်ကျ စရိတ် အမြင့်ဆုံး ပေးဆောင်နေရသဖြင့် ပြည်သူလူထု များ၊ လူနာရှင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။တောင်ကြီး ဆေးရုံမှာ ဆိုရင်လည်း အဲ့လောက် ကုန်ကျစရိတ်မှ မရှိတာ ၊ ပင်းတယ ဆေးရုံမှာ ဆိုရင် လည်း သောင်းဂဏန်း လောက်ပဲ ရှိတယ်။ ဘော်ဆိုင်း ဆေးရုံမှာက ကုန်ကျစရိတ် အမြင့်ဆုံး ပေးဆောင်နေရတယ်။ ရှမ်းပြည်နယ်အတွင်းမှာ အကောင်းဆုံး တိုက်နယ် ဆေးရုံ ဆု ရထားတဲ့ နေရာမှာ စျေးတွေ ကြီးနေ တာ မဖြစ်သင့်ဘူး ။ ”ဟု ဘော်ဆိုင်း ဒေသခံ တစ်ဦးကပြောသည်။ဘော်ဆိုင်းဆေးရုံတွင် ရိုးရိုးမွေး လူနာကို ၄ သိန်း ကျော်၊ ခွဲမွေး လူနာ ၇ သိန်းကျော် အထိ ကုန်ကျ စရိတ် ရှိနေကြောင်း ၊ စေတနာရှင် အလှူရှင်များမှလည်း ဆေးဝါးများ လှူဒါန်းပေးနေသော်လည်း ကုန်ကျစရိတ် မြင့်တက်နေကြောင်း ၊ ဘော်ဆိုင်း ဆေးရုံ တက်ရောက်ကုသရန် တစ်သိန်း အောက် ထစ်ဆုံး ကုန်ကျနိုင်ကြောင်းဒေသခံထံ သိရသည်။ထို့ကြောင့် လူနာရှင်များသည် ဘော်ဆိုင်းဆေးရုံတွင် မတက်ရောက်ကုသတော့ဘဲ ၊ ပင်းတယဆေးရုံ ၊ မိုင်းအင်ဆေးရုံတို့တွင် သွားရောက် ကုသနေကြရကြောင်း ဒေသခံကဆို သည်။ဘော်ဆိုင်း တိုက်နယ် ဆေးရုံတွင် ကုန်ကျစရိတ်များ မြင့်တက်လာနေသဖြင့် ဒေသတွင်း ပြည်သူလူထု ကျန်းမာရေး အတွက် အခက်အခဲ ကြုံတွေ့နေရပြီး ၊ ပင်းတယ ၊ မိုင်းအင်ဆေးရုံများသို့ သွားရောက် ကုသ နေကြရသဖြင့် ခရီးပင်ပန်းခြင်းများ ရှိကြောင်း သိရသည်။ တောင်ကြီးမြို့ ၊ ဆေးရုံကြီးတွင်လည်း လူနာရှင်များ စရိတ်မျှပေး ကျန်းမာရေး စနစ်ကို ကျင့်သုံးကာ တန်ဖိုးကြီး ဆေးဝါးများ၊ ဆေးရုံတွင် မရှိသော ဆေးဝါးများကို လူနာရှင်များ လိုက်လံ ရှာဖွေ ဝယ်ယူရခြင်း ရှိကြောင်း ၊ ဆေးရုံမှ ဆေးဝါးများကိုလည်း ဆေးဖိုး သတ်မှတ်နှုန်း ကျသင့်ခံရခြင်း ရှိပါတယ်။



