ဘရာဇီးနိုင်ငံ အမေဇုန်မိုးသစ်တောအနီးရှိ ဘီလမ်မြို့တွင်ကျင်းပနေသော ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံ(COP 30) တွင် ဆင်းရဲသောနိုင်ငံများအတွက် ငွေကြေးထောက်ပံ့မှုကိုတိုးမြှင့်ထားသော်လည်း ရုပ်ကြွင်းလောင်စာများသုံးစွဲမှု အဆင့်လိုက်လျှော့ချသွားရေးကိစ္စကို မည်သည့်ရည်ညွှန်းချက်မှ မပြုလုပ်ဘဲချန်လှပ်ထားခဲ့သည့် ညှိနှိုင်းသဘောတူညီချက်တစ်ရပ်ရရှိခဲ့သည်။ဥရောပနှင့်လက်တင်အမေရိကနိုင်ငံအများအပြားက ဖိအားပေးနေသည့်ကြားမှ ရုပ်ကြွင်းလောင်စာကိစ္စကို ချန်လှပ်ခဲ့ကြခြင်းဖြစ်သည်။ အမေရိကန်ကတရားဝင်ကိုယ်စားလှယ်အဖွဲ့စေလွှတ်မှုမရှိခဲ့သော်လည်း ကျန်ကမ္ဘာ့နိုင်ငံများက သီတင်းနှစ်ပတ်ကြာ အချေအတင်ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီချက်ရရှိခဲ့ကြသည်COP 30 ညီလာခံဥက္ကဌအန်ဒရေးကော်ရီယာဒိုလာဂိုက ကိုယ်စားလှယ်များကြား ကွဲပြားခြားနားမှုများရှိနေသည်ကိုအသိအမှတ်ပြုရင်း “လူကြီးမင်းတို့အနေနဲ့ တချို့ကိစ္စတွေမှာပိုပြီးကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေကြတာကို ကျွန်တော်တို့သိပါတယ်” ဟု ပြောကြားသည်။
ကမ္ဘာကြီးပူနွေးလာမှုအတွက် အကြီးမားဆုံးတရားခံဖြစ်သော ရုပ်ကြွင်းလောင်စာ (သို့မဟုတ်) ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို ပိုမိုထိန်းချုပ်သွားရေးနှင့်ပတ်သက်၍ ခိုင်မာသောအစီအစဉ်များမချမှတ်ဘဲ ညီလာခံအဆုံးသတ်သွားခြင်းကို နိုင်ငံအများအပြားက ကန့်ကွက်ခဲ့ကြသည်။ကိုလံဘီယာ၊ ပနားမားနှင်ဥရုဂွေးတို့က ကန့်ကွက်မှုများကိုဦးဆောင်ခဲ့ကာ နောက်ဆုံးထွက်ပေါ်လာသည့် သဘောတူညီချက်တစ်ရပ်သည် ရုပ်ကြွင်းလောင်စာနှင့်ပတ်သက်၍ သိပ္ပံနည်းကျသဘောထားကို လျစ်လျူရူထား၍မရကြောင်းပြောကြားကြသည်ထိုကဲ့သို့သောရည်ညွှန်းချက်များမှာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ဆော်ဒီအာရေးဗီးယားဦးဆောင်သော မဟာမိတ်အဖွဲ့များက ပြောကြားကြသည်။ကန့်ကွက်နေကြသောနိုင်ငံများသည် သကြားလုံးအားလုံး ကိုလိုချင်နေသောကလေးများကဲ့သို့ပြုမှုနေကြသည်ဟု ရုရှားကိုယ်စားလှယ်ဆာဂေးကိုနိုနူချန်ကိုက ပြောကြားခဲ့ပြီး လက်တင်အမေရိကနိုင်ငံများက ၎င်းအား ရှုတ်ချခဲ့ကြသည်။ရုပ်ကြွင်းလောင်စာများလျှော့ချရေးကိစ္စကို ထည့်သွင်းဖော်ပြရမည်ဟု စောစောပိုင်းက တောင်းဆိုခဲ့သော ဥရောပသမဂ္ဂကယမန်နေ့နံနက်တွင်မူ သဘောတူညီချက်ကိုကန့်ကွက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။သဘောတူညီချက်သည် အနည်းဆုံးမှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိနေသေးသောကြောင့် ထောက်ခံသင့်သည်ဟုအီးယူရာသီဥတု ကော်မရှင်နာဝေါ့ကီဟိုစထရာက ပြောကြားသည်။COP 30 သဘောတူညီချက်အရ ၂၀၃၅ ခုနှစ် အရောက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရန်ပုံငွေထည့်ဝင် ခြင်းအား သုံးဆတိုးမြှင့်သွားရန်ချမ်းသာသောနိုင်ငံများကိုတိုက်တွန်းထားပြီး အထူးသဖြင့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာခြင်း၊ မုန်တိုင်းများပိုမိုပြင်းထန်လာခြင်းနှင့် အပူချိန်အစွန်းရောက်မှုများနှင့် လိုက်လျောညီထွေ လိုက်ပါနိုင်ရန် အတွက်ဖြစ်သည်။ယင်းသဘောတူညီမှုနှင့်အတူ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး လက်ရှိရည်မှန်းချက်များ ပြည့်မီရန်ပင် ရုန်းကန်နေရသော နိုင်ငံများအနေဖြင့် အဆိုပါရည်မှန်းချက်များကို ပိုမိုအရှိန်မြှင့်တင်ရန် ကိုယ်ထူကိုယ်ထ စတင်လုပ်ဆောင်ကြရမည်လည်း ဖြစ်သည်။



