ထိုင်းနိုင်ငံ ဆေးသိပ္ပံဌာနက e-cigarettes တွေမှာ တရားမဝင် မူးယစ်ဆေးဝါးတွေ ရောစပ်အသုံးပြုလာတဲ့ အခြေအနေကို သတိပေးလိုက်ပါတယ်။ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ပြင်းထန်တဲ့ မေ့ဆေးတစ်မျိုးဖြစ်တဲ့ etomidate ပါဝင်နေတာကို တွေ့ရှိခဲ့ရပြီး ဒါဟာ အာရုံကြောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ဒေါက်တာ Sarawut Boonsuk က ထိုင်းနိုင်ငံမှာ "pod K" သို့မဟုတ် "zombie vapes" လို့ လူသိများတဲ့ တစ်ခါသုံး e-cigarettes တွေမှာ နီကိုတင်းအစား စိတ်ကိုပြောင်းလဲစေတဲ့ ဓာတ်ပစ္စည်းအသစ် (NPS) တွေ ပါဝင်လာကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေဟာ ဦးနှောက်အာရုံကြောနဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ကလေးတွေနဲ့ လူငယ်တွေအနေနဲ့ e-cigarettes အားလုံးကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။ဓာတ်ခွဲခန်း စစ်ဆေးချက်တွေအရ တံဆိပ်အတု သို့မဟုတ် တံဆိပ်မပါတဲ့ ပစ္စည်းတွေမှာ etomidate ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ Etomidate ဟာ ဆေးရုံတွေမှာ ဆရာဝန်ကြီးကြပ်မှုနဲ့ သုံးရတဲ့ မေ့ဆေးဖြစ်ပေမဲ့ အာရှနိုင်ငံတွေက vape အရည်တွေမှာ တရားမဝင် သုံးစွဲမှု မြင့်တက်လာခဲ့တာကြောင့် ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အဲဒီဆေးကို တင်းကျပ်စွာ ထိန်းချုပ်ရမယ့် Category 2 စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအဖြစ် သတ်မှတ်လိုက်ပါတယ်။ဌာနအနေနဲ့ vape အရည်တွေမှာ etomidate ပါမပါ စစ်ဆေးနိုင်မယ့် နည်းပညာကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးက ဆေးဘက်ဆိုင်ရာ စင်တာတွေကို ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။ အဲဒီ စစ်ဆေးတွေ့ရှိချက်ရလဒ်တွေကို တရားမဝင် မူးယစ်ဆေးဝါးအဖြစ် တရားဥပဒေအရ သက်သေပြုပြီး ရောင်းဝယ်ဖောက်ကားသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။



