သမ္မတဒေါ်နယ်ထရမ့်က အခွန်တွေ တိုးမြှင့်ထားပေမဲ့ အမေရိကန်ကို အိန္ဒိယရဲ့ ကုန်စည်တင်ပို့မှုဟာ ၅ လအတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလမှာ မြင့်တက်လာခဲ့ပြီး စက်တင်ဘာလကထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ရုရှား ရေနံတွေကို ဝယ်ယူမှုအတွက် ဒဏ်ခတ်တဲ့အနေနဲ့ အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်တာအပါအဝင် အိန္ဒိယ အပေါ် အမေရိကန်က အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်တာဟာ သြဂုတ် ၂၇ ရက်မှာ အသက်ဝင်လာပြီးနောက် အိန္ဒိယရဲ့ အကြီးမားဆုံး ပြည်ပဈေးကွက်ကို ကုန်တင်ပို့မှု သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ အမေရိကန်ဆီက ဓာတ်ငွေ့အရည် တင်သွင်းမှု နှစ်စဉ်တိုးမြှင့်ရေး အိန္ဒိယအစိုးရပိုင် ရေနံလုပ်ငန်းတွေက သဘောတူညီခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေကို အခွန်တိုးမြှင့်မှုကနေ ကင်းလွတ်ခွင့် ပေးခဲ့တာကြောင့် အိန္ဒိယအတွက် အကျိုးရှိနိုင်ပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှု ညှိနှိုင်းတာတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး သဘော တူညီမှုရဲ့ အဓိက သတ်မှတ်ချက်တွေ အပြီးသတ်နိုင်ခြေ နီးစပ်နေပြီလို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။ အပြန်အလှန် ကုန်သွယ်မှုအတွင်း အိန္ဒိယရဲ့ ထိပ်တန်းဈေးကွက် ၂၀ မှာ ၁၅ ခုက ကုန်တင်ပို့မှု လျော့ကျလာပြီး အိန္ဒိယရဲ့ အလုံးစုံ ကုန်တင်ပို့မှုဟာ အောက်တိုဘာလထဲက ၁၁ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပေမဲ့ အမေရိ ကန်ကို ကုန်တင်ပို့မှုကတော့ မြင့်တက်လာတာ ဖြစ်ပါတယ်။စမတ်ဖုန်းနဲ့ ဆေးဝါး ထုတ်ကုန်တွေလို ကဏ္ဍတွေအပေါ် အခွန်ကင်းလွတ်ပေးတာကြောင့် စွမ်းဆောင်ရည် ပိုကောင်းလာဖွယ် ရှိတယ်လို့ နယူးဒေလီ အခြေစိုက် တတ်သိပညာရှင်များအဖွဲ့(GTRI)က ပြောပါတယ်။ အောက်တိုဘာမှာ အမေရိကန်ကို ကုန်တင်ပို့မှု ပြန်မြင့်တက်လာခဲ့ပေမဲ့ အိန္ဒိယရဲ့ မေလနဲ့ အောက်တိုဘာလကြား ကုန်တင်ပို့မှု ၂၈ ဒသမ ၄ ရာခိုင်နှုန်းနီးပါး လျှော့ကျခဲ့တယ်လို့ အဲဒီတတ်သိပညာရှင်များအဖွဲ့က ပြောပါတယ်။



