မိုးရွာသွန်းများသည့်အတွက် မယ်ဆိုင်ချောင်းရေလျှံပြီး တာချီလိတ်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ရပ်ကွက်နှင့် လမ်းအချို့ ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၁၇ ရက် ညပိုင်းကတည်းက မိုးရွာသွန်းလျက်ရှိပြီး ခေတ္တခဏ မိုးစဲသည်မှအပ ယနေ့ နံနက်ပိုင်းအထိ မိုးရွာသွန်းဆဲ ဖြစ်ပြီး ယနေ့နံနက် ၈ နာရီခန့်တွင် မယ်ဆိုင်ချောင်းရေမှာ စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာအထိ ရောက်ရှိနေပြီး တာလော့စျေးအတွင်းသို့ ရေ ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။အရှေ့ဘက်မှဝင်ရောက်လာသည့် အရှေ့မြောက်မုတ်သုံလေ အားကောာင်းနေခြင်းကြောင့် နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်များတွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ ကျိုင်းတုံ၊ ပုံပါကျင် စသည့် ခရိုင်/မြို့နယ်များတွင် မိုးအသင့်အတင့်ရွာပြီး နေရာကွက်၍မိုးများနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်တွင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ပင်လောင်း၊ ပေါင်းလောင်း၊ ဆီဆိုင်၊ လင်းခေး၊ ဝမ်ဟတ်၊ နားကုန်း၊ ပန်ပေါင်း၊ ဝမ်ဟေ၊ မောက်မယ်၊ မိုးနဲ၊ နားခံ၊ နမ့်စန်၊ ပန်လိုင်းဆိုင်၊ မိုင်းပန်၊ ကျိုင်းတောင်း၊ ကာလိ၊ ကွန်ဟိန်း၊ ခိုလမ်၊ ဟိုမိန်း၊ လွယ်တိုင်းလျံနှင့် ရှမ်းအရှေ့ဘက်မှ မုံးထ၊ ပုံပါကျင်၊ မိုင်းတုံ၊ မိုင်းခုတ်၊ မိုင်းဆတ်၊ မိုင်းပျဥ်း၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ ကျိုင်းလပ်၊ တာလေ၊ မိုင်းယု၊ တာချီလိတ်အထိ မိုးအသင့်အတင့် ရွာသွန်းခဲ့ကြောင်း မိုးဇလသတင်းနှင့် ဒေသခံများထံမှ သိရသည်။



