နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာ၊ ရုံးပင်ချောင်းအတွင်းမှာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်း သစ်ထွင်းလှေ ၂ စင်းကို ပတ္တာစံပြကျေးရွာရှိ ရွာဦးက သစ္စာမာရ်အောင်သက်ပေါင်း ချမ်းသာရ ဘုရားဝင်းအတွင်းမှာ ထိန်းသိမ်းထားရှိပြီး လာရောက်လေ့လာနိုင်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
အဆိုပါ လှေ ၂ စင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့၍ ကျေးရွာတာဝန်ရှိသူတွေထံသို့ အသိပေးခဲ့ရာမှ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်တို့မှာ တစ်စင်းစီ ဆယ်ယူတူးဖော်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ထိုသို့ တွေ့ရှိဆယ်ယူထိန်းသိမ်းထားတဲ့ လှေကြီးတွေဟာ အရှည်ပေ ၅၀ ကျော်ရှိသလို တစ်စင်းမှာ လုံးပတ် ၈ ပေ ၉ လက်မခန့်နှင့် နောက်တစ်စင်းမှာ လုံးပတ် ၉ ပေကျော်ရှိပါတယ်။အဆိုပါတွေရှိခဲ့တဲ့ လှေ ၂ စင်းနဲ့ပတ်သက်ပြီး "ဒီတွေ့ရှိဆယ်ယူထားတဲ့ လှေတွေက သစ်ထွင်းလှေ(ခေါ်) လုံးထွင်းလှေလို့ခေါ်ပါတယ်။ သစ်တစ်ပင်ထဲကိုသာ ထွင်းထုရတဲ့အမျိုးအစားဖြစ်ပါတယ်။ သစ်ပင်အကြီးကြီးတွေကို ရိုးမထဲကတစ်ဆင့် ရေနဲ့သာ သယ်ယူနိုင်တဲ့အခြေအနေမျိုးပါ။ နောက်ပြီး မြစ်ချောင်းနဲ့အနီးဆုံးနေရာမှာ ထွင်းထုရပါတယ်။ လှေပြီးလို့ ရေချရတဲ့အခါ ရေနဲ့အနီးဆုံးဖြစ်ရမှာပါ။ လူအင်အား ဒါမှမဟုတ် ဆင်နဲ့ဆွဲမှသာ ရေချနိုင်တာဖြစ်ပါတယ်။ အခုတွေ့ရှိထားတဲ့ လှေ ၂ စင်းရဲ့ လှေပုံစံကို ကြည့်ခြင်းအားဖြင် ၅၀ ရာခိုင်နှုန်း လောက်သာ ပြုလုပ်ပြီးသေးပါတယ်။ မီးသင့်၊ ဝမ်းဖြဲ၊ ဒေါက်ကန် ပုံဖေါ် အဆင့်ကျန်ပါသေးတယ်လို့ မြင်ပါတယ်။ နံထောင် အဆင့်တောင်မရောက်သေးလို့ မသိသူများက လူက ဘယ်ကထိုင်စီးရမလည်းပေါ့ ဒီလှေကြီးပြီး ဆုံးခဲ့တယ်ဆိုပါက လောင်းလှေ၊ ပြိုင်လှေ အဆင့် တကယ်ကို အကြီးကြီးပါ။ လှေရဲ့ ဘေးမှာ နံထောင် အဆင့်ရှိပါတယ်။ ဒါဟာ ထွင်းထုနေချိန် အခက်အခဲတစ်ခုကြောင့် ပြီးဆုံးတဲ့ အဆင့် မရောက်ခင် ရေတက်ရေကျ ရာသီဥတု တစ်ခုခုကြောင့် နစ်မြုပ်ပျောက်ဆုံးသွားတယ်လို့ ယူဆမိပါတယ်။ လှေကြီးသာပြီးဆုံးသွားတဲ့အထိဆို တကယ် လှမှာဖြစ်ပါတယ်။ လှေဦးလှေပဲ့ ဆက်ဖို့ကျန်ပါသေးတယ် "လို့ လှေကျွမ်းကျင်သူတစ်ဦးက ၎င်းရဲ့ အတွေ့အကြုံကို ပြောကြားခဲ့ပါတယ်။
အဆိုပါ သစ်ထွင်းလှေ ၂ စင်း တွေရှိခဲ့တဲ့ လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာရှိ ရုံးပင်ချောင်းဟာ ချောင်းမကြီးချောင်းနဲ့ ပလွေးချောင်း ၂ ခုတို့ ဥယျာဉ်စုကျေးရွာ အနီးအနားမှာ ပေါင်းစည်းပြီး ရုံးပင်ချောင်းအနေနဲ့ အေလာအရှေ့ဘက် ရုံးပင်ရွာနားမှ စစ်တောင်းမြစ်ထဲကို စီးဝင်သွားတဲ့ ချောင်းဖြစ်တယ်လို့လည်း ဒေသခံများပြောကြားချက်အရ သိရပါတယ်။



