တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်တွင်းရွာအနီးရှိ ဆင်ထောင့်ကမ်းခြေမှာ ငါးဖမ်းသမားတွေကြောင့် ဝါဇီပျောက် (ပျော့) အမျိုးအစား ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဝေလငါးမန်း သုံးကောင် ဆင်ထောင့်ကမ်းခြေမှာ သောင်တင် သေဆုံးနေတာကို ဒေသခံတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ဝန်းကျင်လောက်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပြီး အဲဒီ ဝေလငါးမန်းတွေဟာ အရွယ်အစားအားဖြင့် တကောင်ကတော့ ၂၈ ပေခန့် ရှိကာ နောက်ထပ် နှစ်ကောင်ကတော့ ၁၀ ပေကျော်အရွယ် ရှိတယ်လို့ ဆိုပါတယ်။ဒါက သဘာဝတရားကြောင့် သေတာမဟုတ်ဘူး။ လူဖမ်းလို့ ဖြစ်တာ။ အရင်ကလည်း အဲဒီလိုပဲ။ ဖမ်းမိလို့ရှိရင် ကျွန်တော်တို့က သွားပြောတာ။ ငါးကြီးတွေကို ရေထဲပြန်တွန်းချထားခဲ့ဖို့။ အခုက ကျွန်တော်တို့ မရှိလိုက်တဲ့အချိန်၊ ပြောမယ့်သူကလည်း မရှိဘူးဆိုတော့ သောင်ပြင်ပေါ်မှာ ဒီတိုင်း ထားခဲ့တာပေါ့။ တကောင်တည်းလည်း မဟုတ်ဘူး။ သုံးကောင်တောင် တင်ခဲ့တာ။ တော်တော် နှမြောဖို့ကောင်းတယ်” လို့ သူက ပြောပါတယ်။အခုလို ငါးဖမ်းသမားတွေကြောင့် လောင်းလုံးဒေသမှာ ဝေလငါးမန်းတွေ သေဆုံးနေတာဟာ ၎င်းရဲ့ အတွေ့အကြုံအရ အခု တကြိမ်နဲ့ဆို သုံးကြိမ်လောက် ရှိနေပြီဖြစ်ပြီး ရေထဲ တွန်းချပြီး ပြန်လွှတ်တာကတော့ နှစ်ကြိမ် ကြုံဖူးတယ်လို့ ဆိုပါတယ်။အဲဒီ ဝေလငါးမန်းတွေဟာ လောင်းလုံးမြို့နယ်အတွင်းက ဆင်ထောက်ကမ်းခြေ၊ တယောကမ်းခြေနဲ့ ဖိုးဖိုးကျောက် ကမ်းခြေတို့မှာ နှစ်နှစ်ကို တကြိမ် ပေါ်လာတတ်တယ်လို့ သူက ပြောပါတယ်။အဲဒီ ဝေလငါးမန်းတွေဟာ ပင်လယ်သမုဒ္ဒရာတွေရဲ့ အပူပိုင်းနဲ့ အပူလျော့ပိုင်း ရေပြင်တွေမှာ ကျက်စားလေ့ရှိပြီး မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ Adman Sea မှာ ကျက်စားကြတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ကျွန်းစု အပါအဝင် မြန်မာ့ပင်လယ်ပြင်နဲ့ တခြား ကမ်းရိုးတန်း ဒေသတွေမှာလည်း တွေ့ရရှိရတတ်တယ်လို့ သိရပါတယ်။ဝေလငါးမန်းတွေကို ၂၀၁၆ ခုနှစ်ကစပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ် (Endangered - EN) Endangered (EN) အဆင့်အဖြစ် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUCN - International Union for Conservation of Nature) က သတ်မှတ်ခဲ့ပါတယ်။



