သွားဖုံးရောဂါရှိတဲ့ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေဟာ ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးချက်တွေမှာ ဦးနှောက်အတွင်းပိုင်း ပျက်စီးမှုလက္ခဏာတွေ ပိုမိုပြသနေတယ်လို့ သုတေသနပညာရှင်များက လေ့လာမှုအသစ်တစ်ခုနဲ့ ပြသလိုက်တယ်လို့ သိရပါတယ်။အဆိုပါ လေ့လာမှုသစ်၌ ဦးနှောက်အတွင်းပိုင်း ပျက်စီးမှုတွေကို White Matter Hyperintensities လို့ခေါ်ပြီး ဦးနှောက်ရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ အာရုံကြောမျှင်တွေ ထိခိုက်နေတာကို ပြသနေတာဖြစ်ပြီး ယခုလို ဦးနှောက်အတွင်းပိုင်း ထိခိုက်မှုတွေဟာ မှတ်ဉာဏ်၊ ခန္ဓာကိုယ်ဟန်ချက် ညီမှု၊ ကိုယ်ခန္ဓာလှုပ်ရှားမှုတို့မှာ ပြဿနာ ရှိတာနဲ့ ဆက်စပ်နေပြီး လေသင်တုန်းဖြတ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။ယခု လေ့လာမှုက သွားဖုံးရောဂါနဲ့ ဦးနှောက်ကျန်းမာရေးတို့ကြား ဆက်နွယ်မှုကိုသာ ပြသပြီး တိုက်ရိုက်သက်ဆိုင်ခြင်းရှိ၊ မရှိအတည်မပြုရသေးပေးမယ့် ခံတွင်းနဲ့ သွားကျန်းမာရေးကို ဂရုစိုက်ခြင်းက ရေရှည်မှာ ဦးနှောက်ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ယခုလေ့လာမှုတွင် ပါဝင်သူ ၁,၁၄၃ ဦးထဲက သွားဖုံးရောဂါရှိသူ ၈၀၀ ကို စစ်ဆေးခဲ့ရာမှာ သွားဖုံး ရောဂါရှိသူတွေဟာ ရောဂါမရှိသူ တွေထက် ဦးနှောက်ပျက်စီးမှုဧရိယာပိုများကြောင်း တွေ့ခဲ့ရတာဖြစ်ပြီး အသက်၊ လိင်၊ ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားပြီးနောက်မှာတောင်မှ သွာဖုံးရောဂါဟာ ဦးနှောက်ပျက်စီးမှု ဖြစ်နိုင်ခြေအများဆုံးအုပ်စုထဲမှာ ပါဝင်ဖို့ ၅၆ ရာခိုင်နှုန်းအထိပိုမိုမြင့်မားတဲ့ ဆက်စပ်မှု ရှိနေခဲ့တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။



