မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တန်ဖိုးနည်းအိမ်ရာ အခန်းများအား ချေးငွေဖြင့်ဝယ်ယူခွင့်ရရှိသူ ၂၀၀ ဦးကျော်ကို ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းဌာနမှ သိရပါတယ်။ဌာနပိုင် ကျန်စစ်မင်းအိမ်ရာအပိုင်း(၁) ၊ သီလဝါဥယျာဉ်အိမ်ရာ၊ ယုဇနအိမ်ရာအပိုင်း(၃)၊ ရိုးမရိပ်သာအိမ်ရာ တို့တွင် အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ရောင်းချခဲ့သော အခန်းများနှင့်စပ်လျဉ်း၍ ချေးငွေနှင့်ပတ်သက်သောလုပ်ငန်းများကို CHID Bank မှ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ချေးငွေဖြင့် ဝယ်ယူခွင့်ရရှိသူ ၂၁၈ ဦးကို ယာယီနေထိုင်ခွင့် ထုတ်ပေးမှာဖြစ်ကြောင်း ဌာနမှ အသိပေးထားပါတယ်။ယာယီနေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ပေးခြင်းကို နိုဝင်ဘာလ ၁၃ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်း ဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အမှတ်(၂၂၈/၂၃၄)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင် မြို့နယ်၌ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ယာယီနေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ယူမည့်သူများအနေဖြင့် ကိုယ်တိုင် ထုတ်ယူမည်ဆိုပါက နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့ဖြင့်လည်းကောင်း၊ ကိုယ်စား ထုတ်ယူမည် ဆိုပါက ကိုယ်စားလှယ် လွှဲစာမူရင်း၊ ကာယကံရှင်နှင့်ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့်လည်းကောင်း တင်ပြ၍ ထုတ်ယူနိုင်ကြောင်းလည်း သိရပါတယ်။ယာယီနေထိုင်ခွင့်လျှောက်ထားပြီးသူများအတွက် အခန်းသော့ ထုတ်ပေးခြင်းနှင့် အခန်းအပ်နှံခြင်းများကို သက်ဆိုင်ရာကော်မတီရုံးများတွင် ဌာနမှတာဝန်ရှိသူများ၊ တည်ဆောက်သည့် ကန်ထရိုက်တာများက အိမ်ရာများအလိုက် ရက်များခွဲကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဌာနမှ သိရပါတယ်။အိမ်ရာအလိုက် ထုတ်ပေးမည့် ရက်များအနေဖြင့်တော့ ကျန်စစ်မင်းအိမ်ရာ အပိုင်း(၁)တွင် အခန်း ၅၀ ခန်းအတွက် ထုတ်ယူရမည့် ရက်မှာ နိုဝင်ဘာလ ၁၉ ရက်နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း၊ သီလဝါ ဥယျာဉ် အိမ်ရာတွင် အခန်း ၅၆ ခန်းအတွက် ထုတ်ယူရမည့်ရက်မှာ နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း၊ ယုဇနအိမ်ရာ အပိုင်း(၃)တွင် အခန်း ၃၄ ခန်းအတွက် ထုတ်ယူရမည့် ရက်မှာ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်းနှင့် ရိုးမရိပ်သာအိမ်ရာတွင် အခန်း ၇၈ ခန်းအတွက် ထုတ်ယူရမည့်ရက်မှာ နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အတွင်း အသီးသီးဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာယီနေထိုင်ခွင့် အကြောင်းကြားစာ မူရင်းနှင့်အတူ မပျက်မကွက်လာရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဌာနမှအသိပေးထားပါတယ်။တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများအား ဝယ်ယူလိုသူတွေထံသို့ ဆက်သွယ်ပြီး အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာကို အတုအပ ပြုလုပ်၍လည်ကောင်း၊ email account အတု ဖွင့်၍ လည်းကောင်း လိမ်လည်ပြီး တိုက်ခန်းရောင်းချကာ ငွေလွှဲခိုင်းတာတွေ ပြုလုပ်နေမှုများရှိနေတဲ့အတွက် သတိပြုကြရန် ယခု နိုဝင်ဘာလ ဒုတိယအပတ်အတွင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားပါတယ်။



