တရုတ်နိုင်ငံ၏ နောက်ဆုံးတည်ဆောက်ခဲ့သည့် လေယာဉ်တင်သင်္ဘောသည် ပင်လယ်ပြင်စမ်းသပ်မှုများစွာကို ပြုလုပ်ပြီးနောက်တွင် တပ်တော်ဝင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။လေယာဉ်တင်သင်္ဘောသည် ပေကျင်း၏ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို ၎င်း၏ ကိုယ်ပိုင်ရေပိုင်နက်ထက်ကျော်လွန်၍ တိုးချဲ့ရာတွင် ကမ္ဘာအကြီးဆုံးရေတပ်အတွက် အထောက်အကူပေးလိမ့်မည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်ညာမြို့ရှိ ဖူကျန်းလေယာဉ်တင်သင်္ဘောပေါ်သို့ ဗုဒ္ဓဟူးနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက နိုဝင်ဘာ၇ရက်သောကြာနေ့တွင် ဖော်ပြခဲ့သည်။သင်္ဘောတပ်တော်ဝင်ခြင်းနှင့် အလံတင်အခမ်းအနားသို့ အခမ်းအနားသို့ တရုတ်ရေတပ်နှင့် လေယာဉ်တင်သင်္ဘောတည်ဆောင်ရေးဌာနများမှ တာဝန်ရှိသူ ၂,၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဆိုသည်။ဖူကျန်းသည် တရုတ်၏ တတိယမြောက်လေယာဉ်တင်သင်္ဘောဖြစ်သော်လည်း ပြည်တွင်း၌ ဒီဇိုင်းထုတ် တည်ဆောက်ခဲ့သည့် ပထမဆုံးသော လေယာဉ်တင်သင်္ဘောဖြစ်သည်။



