စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်
တိုက်ရိုက် (Live) လွှင့်ပြီးနောက် ဖမ်းဆီးခံရသူမှာ Yin Min Hlaing အကောင့်အမည်ဖြင့် တရုတ်မကြီးဟု လူသိများသူဖြစ်ကြောင်း၊ ၎င်းဖမ်းဆီးခံရပြီးနောက် နာမည်ကြီး ဘောလုံးနှင့် စလော့ဂိမ်းဒိုင်ကြီးအချို့လည်း ဖမ်းဆီးခံရသည့်အတွက် လက်ခွဲအေးဂျင့်ဒိုင်များ တိမ်းရှောင်နေကြောင်း ရန်ကုန်မြို့မှ အွန်လိုင်းဘောလုံးဒိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။ဖမ်းဆီးခံရသည့် ဒိုင်အများစုမှာ YM Group အတွင်းမှ ဖြစ်ပြီး ယင်း YM Group မှာ နာမည်ကြီး မျိုးသိန်းဌေး - MTH Group ထံမှ တဆင့် ဝက်ဘ်ဆိုဒ် ရယူထားခြင်းဖြစ်ကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ စီမံချက်ဖြင့် ဖမ်းဆီးခြင်းလား၊ ကြုံကြိုက်၍ ဖမ်းဆီးခြင်းလား မသိရသော်လည်း စလော့ လောင်းကစားဂိမ်းများကိုမူ ထိထိရောက်ရောက်နှိမ်နင်းစေလိုကြောင်း ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။



