ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အသက် (၅၆) ရှိနေပြီဖြစ်တဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်အတွင်း လာရောက်မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူ ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လကျော်ချိန်မှ အတင်းဖြတ်ချခိုင်းလို့ ကလေးငယ်ဟာ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ကလေးငယ်ကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူ ဘုန်းကြီးဟာ ကလေးငယ် ကိုယ်ဝန်ရှိလာချိန်တွင် တရားစခန်းပွဲများ သွားရောက်မည်ဟုဆိုကာ ကျေးရွာကနေ ကလေးငယ်နဲ့ မိသားစုကိုပါ ခေါ်ဆောင်သွားပြီး ချင်းကုန်းကျေးရွာရှိ အရပ်လက်သည်ကို ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချစေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။အဲဒီဖြစ်စဉ်ကို ကလေးငယ် တက်ရောက်ပညာသင်ကြားနေတဲ့ စာသင်ကျောင်းမှ တာဝန်ရှိသူတွေနဲ့ ဒေသတွင်း ကလေးငယ်အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေက သိရှိသွားချိန်မှာ မြောင်းမြရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး ကလေးငယ်နဲ့ မိသားစုကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ချိန်မှ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူ ဘုန်းကြီးဟာ ကလေးငယ်မိသားစုကို ပြန်ခေါ်လာပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာ စွပ်စွဲခံရသူ ဦးဥတ္တမ ခေါ် ဦးအေးလွင်ကို မြောင်းမြမြို့မရဲစခန်းက ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



