ရန်ကုန်နဲ့ မန္တလေးမှာ အောက်တိုဘာ ၆ ရက်နေ့၊သီတင်းကျွတ်လပြည့်ညက မီးပုံးပျံပျက်ကျလို့ နေအိမ်အချို့မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်မှာဆိုရင် ကျောက်တန်းမြို့နယ်မှာ နေအိမ်မီးလောင်ခဲ့တာဖြစ်ပြီး မန္တလေးမှာက ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ မီးလောင်ခဲ့တာဖြစ်ပါတယ်။ ဖြစ်စဥ်က ပြည်ကြီးတံခွန်မြို့နယ် ၊ ၁၃၁x ၁၃၂x ၅၉(B)လမ်းမှာရှိတဲ့ နှစ်ထပ်အိမ်တအိမ်ပေါ်ကို မီးပုံပျံပျက်ကျရာမှမီးလောင်ခဲ့တာဖြစ်ကာမန္တလေးတိုင်းချမ်းမြသာစည် မြို့နယ်ထဲမှာက ၆၂Aနဲ့ ၆၃ကြား၊၁၀၂x၁၀၃ကြားက နှစ်ထပ်တိုက်နေအိမ်ပေါ်မီးပုံးပျံပြုတ်ကျပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။ ချမ်းမြသာစည်မြို့နယ်ကနေအိမ် မီးလောင်မှုဖြစ်စဥ်မှာ အမျိုးသမီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်ကြီးတံခွန်မီးလောင်မှုဖြစ်စဥ်မှာတော့ လူထိခိုက်တာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ ရန်ကုန်ကျောက်တန်းမီးလောင်မှုမှာဆိုရင်လည်းနေအိမ်တအိမ် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး လူထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ မီးပုံပျံပျက်ကျလို့ လူနေအိမ်တွေမီးလောင်ပျက်စီးရတာနဲ့ပတ်သက်ပြီး ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေရှိနေတာတွေ့ရပါတယ်။ လက်ရှိ ရန်ကုန်နဲ့ မန္တလေး မီးလောင်မှုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး မီးလောင်တဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနဘက်က ထုတ်ပြန်ခြင်းမရှိေသးတာလည်းဖြစ်ပါတယ်။



