မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ဆင်အလှူပွဲနဲ့ ဆင် အက အလှပြိုင်ပွဲကို ဒီနှစ် သတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာ ၅ ရက်နေ့က စတင်ပြီးကျင်းပမှာဖြစ်ပြီး ပွဲတော်မတိုင်ခင် ကတည်းက ကျောက်ဆည်မြို့မှာရှိတဲ့ ဆင်အကအလှ ပြိုင်ပွဲဝင်အဖွဲ့တွေက ပွဲတော်မှာ ပါဝင်ကျင်းပဖို့ တာဆူနေကြပြီဖြစ်ပါသည်။ကျောက်ဆည်မြို့မှာ ရှိတဲ့ ပြိုင်ပွဲဝင်ကြမယ့် ဆင်အကအလှအဖွဲ့တချို့ဟာဆိုရင် မြို့ထဲမှာ တီးဝိုင်းတွေ ဆိုင်းဝိုင်းတွေ တပ်တင်ထားတဲ့ ကားကြီးတွေနဲ့ အလှူခံပြီး ဆင်ရုပ်တွေနဲ့ကပြ ဖျော်ဖြေနေကြပြီဖြစ်သလို တချို့ ဆင်အဖွဲ့တွေဟာဆိုရင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကတည်းက ကျောက်ဆည်မြို့ပေါ်မှာ ကပြဖျော်ဖြေ အလှူခံတာတွေ ပြုလုပ်ခဲ့ကြပါသည်။ကလေးဆင် တစ်ကောင်ရဲ့ တန်ကြေး ၆ သိန်း၊ ရိုးရာဆင် တစ်ကောင် ၁၅ သိန်း၊ ဘော်ကြယ် ဆင်တစ်ကောင်ရဲ့ တန်ကြေး သိန်း တစ်ရာကျော်ရှိပြီး ပြိုင်ပွဲမှာ အနိုင်ရမယ့် ဆုကြေးငွေက သိန်းသုံးဆယ် ဝန်းကျင်ဖြစ်ပေမဲ့ ရိုးရာကို ချစ်မြတ်နိုးစိတ်ကြောင့် ယှဉ်ပြိုင်ကြတာ ဖြစ်သည်ဟု ပါဝင်သူများက ပြောသည်။



