ထိုင်းနိုင်ငံတစ်ဝန်းက လူ ၂၀ ကျော်က နာမည်ကြီး အိမ်ခြံမြေတည်ဆောက်ရေး developer ကုမ္ပဏီတစ်ခုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှာ ကြာသပတေးနေ့ (စက်တင်ဘာလ ၁၈ ရက်)က တိုင်ကြားခဲ့ပါတယ်။ အဲဒီကုမ္ပဏီက ပိုက်ဆံအများအပြား ကောက်ခံထားပြီးဖြစ်ပေမဲ့ အိမ်ဆောက်လုပ်ရေး project တွေကို စွန့်ပစ်ထားခဲ့တဲ့အတွက် လိမ်လည်ခံရတယ်လို့ အဲဒီအဖွဲ့က စွပ်စွဲခဲ့ပါတယ်။ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ဘတ် သန်း ၃၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ Developer ကုမ္ပဏီ အမည်ကိုတော့ မပြောကြားပါဘူး။
တိုင်ကြားသူတစ်ဦးဖြစ်တဲ့ Saranya Promsuk က သူ့ရဲ့အိမ်ကို ဘတ် ၄.၇ သန်းနဲ့ ၁၄ လအတွင်း အပြီးဆောက်ပေးမယ်ဆိုတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီက ဘတ် ၄ သန်း ထုတ်ယူသွားခဲ့ပြီးဖြစ်ပါတယ်။ သတ်မှတ်ရက်ထက် ၇ လကျော်လွန်နေပြီဖြစ်ပေမဲ့ သူ့ရဲ့အိမ်က ပြတင်းပေါက်၊ တံခါးတွေမပါတဲ့ အရိုးစုအဆောက်အအုံအဖြစ်သာ ရှိနေဆဲ ဖြစ်ပါတယ်။ ကုမ္ပဏီက အကြိမ်ကြိမ် ကတိတွေပေးခဲ့ပေမဲ့ ဘာတိုးတက်မှုမှ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။နစ်နာသူအများစုက အလားတူအတွေ့အကြုံတွေ ကြုံခဲ့ရပြီး ပိုက်ဆံအများအပြား ပေးချေထားပေမဲ့ အိမ်တွေက မပြီးစီးဘဲ ကျန်နေခဲ့ပါတယ်။ လူတွေက အဲဒီကုမ္ပဏီကို ဈေးကွက်ထဲမှာ ဆယ်စုနှစ်တစ်ခုကြာ ရှိနေခဲ့တာ၊ Facebook မှာ follower တစ်သန်းနီးပါးရှိတာနဲ့ တရားဝင်မှတ်ပုံတင်ထားပြီး ရုံးခန်းရှိတာတွေကြောင့် ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ နစ်နာသူတစ်ဦးကတော့ ကုန်ကျစရိတ်တွေ တက်လာပြီး ငွေပေးချေပြီးတဲ့နောက်မှာလည်း အိမ်မှာ အက်ကွဲကြောင်းနဲ့ အရည်အသွေးညံ့ဖျင်းတဲ့ ပြဿနာတွေ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။