ရှမ်းပြည်တောင်ပိုင်းသို့ ထိုင်းကုန်များဝင်ရောက်နိုင်သည့် တောင်ကြီး-မိတ္ထီလာလမ်းပိုင်းပေါ်ရှိ ကျွဲတပ်ဆုံဂိတ်တွင် အစစ်အဆေးတင်းကြပ်နေသလို တာချီလိတ်၊ မိုင်းလား၊ လင်းခေး၊ မောက်မယ်မြို့တို့ဘက်မှ တောင်ကြီးဘက်သို့လာသည့် ကုန်ကားများကိုလည်း ပိတ်ဆို့စစ်ဆေးရန် မိုင်းပွန်မြို့တွင် ယခုနှစ်အတွင်း ဂိတ်အသစ်ချကာ စစ်ဆေးတင်ကြပ်နေခြင်းဖြစ်သည်။မိုင်းပွန်ဂိတ်မှ ဖြတ်သန်းသွားသော ကုန်တင်ကားတိုင်းကို အဖွဲ့စုံ၊ ဌာနစုံဖြင့် စစ်ဆေးပြီး လိုင်စင်မဲ့ဖြစ်လျှင် ကားကိုအပြီးသိမ်းသလို ကုန်ပါပြီး အခွန်မဆောင်ထားပါကလည်း ကုန်များကိုသိမ်းသွားကာ တောင်ကြီးမြို့ရှိ အခွန်ရုံးတွင် အခွန်ဆောင်ပြီးမှ ကုန်သည်များထံ ပြန်ပေးကြောင်းသိရသည်။ သိမ်းခံထားရသော ကုန်ကားပိုင်ရှင်များ၏ ဖုန်းနံပါတ်၊ အိမ်လိပ်စာနှင့် ယာဥ်မောင်းလိုင်စင်ကတ် တို့ကို စစ်ဆေးရေးဂိတ်တွင်ပေးခဲ့ရသည်ဟု သိရသည်။



