နီပေါနိုင်ငံ ကက်မန်ဒူ (Kathmandu) မြို့တွင် အစိုးရက လူမှုကွန်ရက် မီဒီယာများကို ပိတ်ပင်ခဲ့ခြင်းနှင့် အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် “Gen Z” ဟုခေါ်သော လူငယ်မျိုးဆက်သစ်များ၏ ဆန္ဒပြပွဲသည် အကြမ်းဖက်မှုအဖြစ်သို့ ပြောင်းလဲသွားရာမှ လူ ၁၉ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ဆန္ဒပြသူများသည် လွှတ်တော်အဆောက်အအုံသို့ ချီတက်ရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့က ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများနှင့် ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အခြေအနေမှာ ပိုမိုတင်းမာလာခဲ့သည်။ လူအများအပြားသည် ခေါင်းနှင့် ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်းလည်း ဆေးရုံမှတ်တမ်းများအရ သိရသည်။



