မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်တွင်းရှိ ဆန်စက်ပေါင်း တစ်သောင်းကျော်တွင် ဆန်စက် ၈,၀၀၀ ကျော်လည်ပတ်နေကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှာ အသင်းသားပိုင် ဆန်စက် အရေအတွက် တစ်သောင်း ကျော်ရှိပြီး လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် ဆန်စက်များမှာ ၈၀ ရာခိုင်နှုန်းခန့်ရှိကာပြည်ပတင်ပို့မှုနဲ့ ပြည်တွင်းစားသုံးနိုင်ဖို့အတွက် အဆိုပါ ဆန်စက်တွေကနေ ကြိတ်ခွဲရောင်းချပေးနေတာဖြစ်ပါတယ်။
ဆန်စက်များအနေဖြင့် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှု ဖူလုံရန် ကြိတ်ခွဲပေးနေခြင်းဖြစ်သလို ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့နဲ့ ဆန်စပါးအရည်အသွေး မြင့်မားရန်အတွက် နည်းပညာကဏ္ဍတိုးချဲ့ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးသင်းချုပ် (MRF)ထံမှ သိရပါတယ်။ MRF အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်(၁၄)ခုတွင် (၁၇) မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်(၇)ခု၌ (၁၄)မဂ္ဂါဝပ်၊ ပဲခူးတိုင်းအတွင်းရှိ ဆန်စက်(၃)ခု၌ (၅) မဂ္ဂါဝပ်၊ မန္တလေးတိုင်းအတွင်းရှိ ဆန်စက်(၂)ခု၌ (၁ ဒသမ ၅) မဂ္ဂါဝပ်၊ နေပြည်တော်ရှိ ဆန်စက်(၁)ခု၌ (၃) မဂ္ဂါဝပ်နှင့် မွန်ပြည်နယ်ရှိ ဆန်စက်(၁)ခု၌ (၁) မဂ္ဂါဝပ် စသည်ဖြင့် ဆန်စက်(၂၈)ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၄၁ ဒသမ ၅) မဂ္ဂါဝပ် ထုတ်လုပ်မည့်အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်း သိရပါတယ်။



