တရုတ်နိုင်ငံမှ တင်သွင်းဝင်ရောက်နေသည့် ကြူကုတ်ကြက်သွန်ဖြူ အမျိုးအစားများအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်အတွင်း၌ ပစ္စည်းပြတ်လာခြင်းကြောင့် ရှမ်းပြည်နယ်ဒေသထွက်ကြက်သွန်ဖြူများဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကြက်သွန်ဖြူတင်ပို့ရောင်းချနေတဲ့ ကုန်သည်များထံမှသိရပါတယ်။ကြက်သွန်ဖြူကို အိမ်နီးချင်းနိုင်ငံ အချို့က ပြည်ပသို့ တန်ချိန်များစွာ တင်ပို့နေသော်လည်း မြန်မာ့ကြက်သွန်ဖြူတင်ပို့မှုမှာ စိုက်ပျိုးမှုဧကနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးနေသေးကြောင်းနှင့် လက်ရှိမှာ တရုတ်ကြက်သွန်ဖြူ အဝင်နည်းလာခြင်းဖြစ်တဲ့အတွက် ပြည်တွင်းမှာ ပစ္စည်းပြတ်လပ်ခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက မှတ်ချက်ပြုပြောကြားပါတယ်။ပြည်ပသို့တင်ပို့သည့် ပြည်တွင်းထွက် ကြက်သွန်ဖြူမျိုးများကို ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ ဟူ၍ အဆင့်ခွဲခြားတင်ပို့ပြီး အမျိုးအစားအပေါ်မူတည်၍ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ထံသို့ တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိတွင်လည်း ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ထူး-၂ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှင့် အောင်ပန်းထူး-၃ တစ်ပိဿာလျှင် ၅,၅၀၀ကျပ်၊ အောင်ပန်းထူး-၄ တစ်ပိဿာလျှင် ၆,၅၀၀ကျပ်၊ အောင်ပန်းထူး-၅ တစ်ပိဿာလျှင် ၇၅၀၀ ကျပ် အထိပေါက်ဈေးရှိနေကြောင်းနှင့် ယခင်ဈေးနှုန်းထက် တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၇၀၀ အထိဈေးနှုန်းပြန်လည်မြင့်တက်နေကြောင်း သိရပါတယ်။
ကြူကုတ်ကြက်သွန်ဖြူရှယ် တစ်ပိဿာလျှင် ၁၈,၅၀၀ ကျပ်မှ ၁၉,၀၀၀ ကျပ်အထိပေါက်ဈေးရှိနေပြီး ယခုလိုဈေးတက်ချိန်တွင် သိုလှောင်ထားသည့် ကုန်သည်များအနေဖြင့် အမြန်ဆုံးထုတ်ရောင်းသင့်ကြောင်း၊ ယခုလိုဈေးနှုန်းပြန်တက်လာသည့်အတွက် ကြက်သွန်စိုက်တောင်သူများအနေဖြင့် ပြန်လည်အဆင်ပြေလာမည်ဖြစ်ကြောင်းလည်း သိရပါတယ်။မြန်မာနိုင်ငံမှာ ကြက်သွန်ဖြူ စိုက်ဧက ခုနစ်သိန်းကျော်ရှိကာ အဓိကစိုက်ပျိုးသည့် မြို့နယ်များမှာ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်တို့မှာဖြစ်သလို ကြက်သွန်ဖြူကိုအောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထွက်ရှိကြောင်း၊ စိုက်ပျိုးချိန်အပေါ် မူတည်ပြီး သင်္ကြန်ပတ်ဝန်းကျင် ဧပြီလဆန်းတွင် လှိုင်လှိုင်ထွက်ရှိကြောင်းနှင့် လက်ရှိချိန်တွင် လက်ကျန် နည်းပါးနေပြီဖြစ်ကြောင်း သိရပါတယ်။



