ရန်ကုန်မြို့၊ ဆင်ခြေဖုံးဒေသများရှိ လက်ဖက်ရည်ဆိုင်များတွင် ယခုနောက်ပိုင်း ကုန်ပစ္စည်းဈေးတက်ခြင်းများကြောင့် ဆိုင်ဖြုတ်သိမ်းလိုက်ရသူများရှိသလို အချို့မှာလည်း ဆိုင်မပြုတ်သွားရန် မနည်းကျားကန်၍လုပ်ကိုင်နေရသောအခြေအနေများကြုံနေရကြောင်း ဆိုင်ပိုင်ရှင်များမှ ပြောကြားသည်။
ကုန်ပစ္စည်းဈေးအဆမတန်တက်လာခြင်းကြောင့် အရင်းစိုက်ရသည်များ များလာပြီး တစ်ဘက်တွင်လည်း စားသုံးသူများကို ငဲ့ရခြင်းကြောင့် ဈေးတက်ဖို့ မဖြစ်နိုင်ကြောင်း၊ ဈေးတက်လျှင် စားသုံးသူလျော့လာမည့်အတွက်လည်း စိုးရိမ်နေရကြောင်းဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ပြောကြားသည်။
ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်များတွင် လက်ဖက်ရည်၊ ကော်ဖီတစ်ခွက်လျှင် ၁၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ ရောင်းချနေပြီး ဆိုင်ကြီးများတွင် ၂၅၀၀-၃၀၀၀ ကျပ်အထိ ရောင်းချလာခြင်းများရှိကြောင်း၊ ဆိုင်အများစုတွင်လည်း လတ်တလော အဖျော်ဆရာ၊ အကြော်ဆရာ၊ စားပွဲထိုး စသည်ဖြင့် အလုပ်သမားရှားပါးလာမှုများရှိပြီး ယခင်ကလုပ်ကိုင်နေသူ အများစုမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြခြင်းများကြောင့် အခက်အခဲများနှင့်လည်းရင်ဆိုင်နေရကြောင်း ပြောကြားသည်။



