မြန်မာ့ရုပ်ရှင်လောကမှာ ပထမဦးဆုံး ဓာတ်ပုံရုပ်ရှင်အကယ်ဒမီဆုရှင် ဒါရိုက်တာဦးထွန်းလှိုင်ဟာ ဇူလိုင်၂၅ရက်၊ မနက်၇နာရီက နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပြီးဦးထွန်းလှိုင်ဟာ ၁၉၅၂ခုနှစ်စလို့ ရုပ်ရှင်ဓာတ်ပုံပညာရပ်ကို လေ့လာသင်ယူခဲ့ပြီး ရုပ်ရှင်ဗဟုသုတပြန့်ပွားရေးမှာ ဝင်ရောက်လုပ်ကိုင်စဉ် ဟောလိဝုဒ်က ဒါရိုက်တာ ဓာတ်ပုံဆရာ ဝက်ဘ်စတာနဲ့တွေ့ဆုံပြီး ရုပ်ရှင်ဓာတ်ပုံပညာကို ဆက်လက်ဆည်းပူးခဲ့ပါတယ်။အကယ်ဒမီဦးထွန်းလှိုင်ဟာ ဒါရိုက်တာအဖြစ် သိင်္ခဇာတ်ကားကို ပထမဦးဆုံးရုပ်ကူးခဲ့ပြီးနောက် ဇာတ်ကားပေါင်းများစွာကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ဦးထွန်းလှိုင်ဟာ မန္တလေးရုပ်ရှင်ကရိုက်ကူးတဲ့ မြတ်ပန်းဝတ်ရည်ဇာတ်ကားနဲ့ ၁၉၅၇ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုကို ရရှိခဲ့ပြီးဦးထွန်းလှိုင်ဟာ ကွယ်လွန်ချိန်မှာ အသက်၉၂ရှိပြီဖြစ်ပြီး ဇူလိုင်၂၇ရက်၊ မနက်၁၁နာရီမှာ ရေဝေးသုဿာန်ကိုပို့ဆောင်မီးသင်္ဂြိုလ်မှာဖြစ်ပါတယ်။



