ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ အသက် ၂၅ နှစ်အရွယ်ရှိ နန်းဆိုင်ခမ်းသည် ၎င်း၏ သူငယ်ချင်းများနှင့် အတူ KTV သွားပြီး မူးယစ်ဆေးရည် တစ်မျိုးဖြစ်သော Happy Water ကို အလွန်အကျွံ သောက်သုံးခဲ့သည်ဟု ဖြစ်စဉ်သိရှိသူများက ပြောဆိုသည်။ ထိုသို့ Happy Water အလွန်အကျွံ သောက်သုံးလိုက်မှုကြောင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ပြီး ၎င်း၏ သူငယ်ချင်းများက ဇူလိုင်လ ၁၆ ရက်တွင် ဆေးရုံသို့ ခေါ်ဆောင်သွားသော်လည်း အဆိုပါနေ့ရက် နေ့လယ် ၂ နာရီတွင် သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးတစ်ဉီးက ပြောသည်။ ကာလိမြို့ရှိ KTV ဆိုင်များတွင် မူးယစ်ဆေး တစ်မျိုးဖြစ်သည့် Happy Water ကို အလွယ်တကူ ရရှိနိုင်ပြီး၊ ဆယ်ကျော်သက် လူငယ်များကအစ စမ်းသပ်သောက်သုံးကာ လက်ရှိတွင် Happy Water သောက်သုံးသူ အများအပြား ရှိကြောင်းလည်း ၎င်းအမျိုးသမီးက ပြောသည်။



