ယခုအခါ ဝါဆိုသင်္ကန်းကပ်လှူသော ကာလမျိုးဖြစ်သော်လည်း သကန်းပရိက္ခရာအရောင်းဆိုင်များတွင် အရောင်းအဝယ်အေးနေကြောင်း အဆိုပါအရောင်းဆိုင်များထံမှ သိရသည်။သင်္ကန်းစျေးနှုန်းများလည်း မြင့်မားလာမှုနှင့်အတူ ဝယ်ယူသူအများစုမှာ စုပေါင်းလှူဒါန်းခြင်းများကြောင့် ဆိုင်များမှ ရောင်းချရသည့် အရေအတွက်လည်း သိသာစွာလျော့ပါးသွားခဲ့သည်။ယခုလိုကာလအတွင်း ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီလပေး၍ တရားပွဲများပြုလုပ်သည့်အခါ သင်္ကန်းကပ်လှူမှုများလည်း ပြုလုပ်ကြပြီး အလှူရှင်တစ်ဦးလျှင်တစ်စုံစီလှူဒါန်းလေ့ရှိသော်လည်း နောက်ပိုင်းတွင် သင်္ကန်းတစ်စုံကို စုပေါင်း၍လှူဒါန်းလာခြင်းများလည်းရှိကြောင်း နိဗ္ဗာန်ဆော်များထံမှ သိရသည်။
အချို့သောအလှူရှင်များမှာ သံဃာတော်များထံမှ ဝတ်ဆင်ခြင်းမျိုးမရှိသေးဘဲသိမ်းထားကြသည့် သင်္ကန်း များကို အလှူငွေ တစ်စုံတရာဖြင့်လှူဒါန်းပြီး ဝါဆိုသင်္ကန်းအဖြစ် ကပ်လှူခြင်းမျိုးကိုလည်း လုပ်ဆောင်လေ့ရှိခဲ့ ကြောင်း သိရသည်။ သင်္ကန်းစျေးနှုန်းများမှာလည်း အတန်သင့်သုံးစွဲရန်အရည်အသွေးမျိုးရှိပါက တစ်စုံလျှင် ကျပ် ၃၈၀၀၀ မှ ၅၅၀၀၀ ကြားရှိနေပြီး ဝယ်သူများလေ့ရှိတတ်သည့် အမျိုးအစားများဖြစ်ကြောင်း၊ သံဃာတော်များ နှစ်သက်သုံးစွဲမှုများသော သင်္ကန်းများတွင် ဂျပန်ဘိုမမာတင် ၁၂၀၀၀၀ ကျပ်၊ ဘိုမ ၃၃၃ သရီးရိုင်ဖယ် ၁၃၀၀၀၀ ကျပ်၊ လီနင် ၁၀၀၀၀၀ ကျပ်၊ ကိုရီးယား စီဝိုင်စီ ၅၀၀၀၀ ကျပ်၊ စူပါကင်းဂျပန်စီဝိုင်စီ ၁၅၀၀၀၀ ကျပ်၊ စင်ကာပူ စီဝိုင်စီ ၆၀၀၀၀ ကျပ်၊ ယိုးဒယားမာတင် ၉၀၀၀၀ ကျပ် စသည်ဖြင့် စျေးနှုန်းများအသီးသီးရှိနေကြောင်း သိရသည်။