စပိန်ကွင်းလယ်လူ ပက်ဒရီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သူတိုအသင်းကို တရားမျှတမှု မရှိဘူးလို့ ခံစားရကြောင်း ပြောပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ အချိန်ပိုအထိ ကစားပြီး ၄-၃ နဲ့ ရှုးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၇-၆ နဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ပွဲစဉ်အတွင်းမှာ VAR ပါဝင် ပတ်သက်ခဲ့ရတဲ့ အငြင်းပွားဖွယ် အခြေအနေတွေ အများအပြား ရှိခဲ့ပြီး ပထမပိုင်းမှာ ကူဘာဆီက လော်တာရို မာတီနက်ဇ်ကို ဖျက်ထုတ်ခဲ့တာကြောင့် အင်တာက ပင်နယ်တီရခဲ့ပြီး အဲ့ဒီ့ကနေ ချာဟာနိုဂလူးက အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယာမယ်လ်ကို လဲချခဲ့တာ ပင်နယ်တီရသင့်တယ်လို ထင်ရပေမယ့် VAR ကြည့်ပြီးနောက် ပင်နယ်တီ မဟုတ်ဘူးလို ဆုံးဖြတ်ခဲ့ပါသည်။



