ယမန်နေ့ မေလ ၆ ရက်နေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ရှမ်းပြည် သိန္နီမြို့တွင် ဆိုင်ကယ်စီးပြီး ဦးထုပ်မဆောင်းဘဲ မောင်းနှင်စီးနင်းသူများ၊ ပါဝါအိတ်ဇော တပ်ဆင် မောင်းနှင်သူများနှင့် အသက် ၁၅ နှစ်အောက် ကလေးများကို ဆိုင်ကယ်မောင်းနှင်ခွင့်ပေးသည့် မိဘများအား အရေးယူတော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မေလ ၅ ရက်တွင် စတင်ကျင့်သုံးခဲ့ပြီး ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ ဆိုင်ကယ်ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်ခြင်းများကို ဖမ်းဆီးရမိပါက ဒဏ်ငွေအဖြစ် တရုတ်ငွေ ၃၀၀ ယွမ်မှ ၆၀၀ ယွမ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိသိန္နီမြို့တွင် တရုတ်ငွေ ၁၀၀ ယွမ်လျှင် မြန်မာငွေ ၆၀,၀၀၀ ကျပ် (ခြောက်သောင်းကျပ်) အထိ ကာလပေါက်ဈေး ရှိသည်။CCTV များ တပ်ဆင်ကာ စောင့်ကြည့်နေပြီး ပြည်သူများ အသွားအလာ သတိထားကြရန် ဒေသခံများက ပြောဆိုသည်။



