ယနေ့ နောက်ဆုံးရရှိသည့် အချက်အလက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်မှလာသော လေပွေလှိုင်းများ၊ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာမည့် အားကောင်းသော အပူပျံတက်တိမ်တိုက်များနှင့် အာရှကုန်းတွင်းဒေသမှ လေအေးများ တွေ့ဆုံနိုင်မှုတို့ကြောင့် (၁၀-၀၅-၂၀၂၅) ရက်နေ့မှ (၂၃-၀၅-၂၀၂၅) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးခြင်း၊ ဒေသအလိုက်မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ မိုင် (၅၀) အထိ တိုက်ခတ်နိုင်သလို (၁၀-၀၅-၂၀၂၅) ရက်နေ့မှ (၂၃-၀၅-၂၀၂၅) ရက်နေ့အတွင်း မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်း စသော သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းအန္တရာယ်နှင့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုအန္တရာယ်တို့ကိုလည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန်နှင့် စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ စက်လှေများ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် ကြိုတင်၍ သတိပေးနှိုးဆော် ထားပါတယ်။



