အာဆင်နယ်အသင်း၏ နည်းပြဟောင်းဖြစ်သည့် အာစင်ဝင်းဂါးက ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) အနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းအား ချန်ပီယံလိဂ်ဝင်ခွင့်ပေးသည့်စည်းမျဉ်းကို ဖျက်သိမ်းသင့်သည်ဟု ပြောကြားခဲ့သည်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်စေရန် ရည်ရွယ်ပြီး ၂၀၁၅-၁၆ ရာသီမှစ၍ ချန်ပီယံဆုရရှိသည့်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ပေးအပ်ခဲ့သည်။ အဆိုပါစည်းမျဉ်းအတိုင်း ကျင့်သုံးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါ အာစင်ဝင်းဂါးက UEFA အနေဖြင့် ပြန်လည်သုံးသပ်မှု ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အာစင်ဝင်းဂါးက ''သူတို့ ယူရိုပါလိဂ်ဝင်ခွင့်ပဲ တိုက်ရိုက်ရရှိသင့်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပေးဖို့ မလိုအပ်ပါဘူး။ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာရရှိထားပြီးဖြစ်တဲ့ ပရီးမီးယားလိဂ်ကအသင်းတွေဆိုရင်ပေါ့။ ဒီကိစ္စကိုUEFAအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။



