ထိုင်းဝန်ကြီးချုပ်ပေတုန်တန်သည် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးသွားပြီးနောက် ပြန်ရောက်လာချိန်၌ နေမကောင်းဖြစ်ပြီး ဆေးရုံတင်ထားရကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားသို့ ဧပြီလ (၂၃)ရက်ဗုဒ္ဓဟူးနေ့မှ ဧပြီလ(၂၄)ရက် ကြာသပတေးနေ့အထိသွားခဲ့သည့် ၎င်း၏ခရီးစဉ်အတွင်း တာဝန်များကာအလုပ်ပိခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် ဧပြီလ(၂၄)ရက် ကြာသပတေးနေ့ ညနေ ၂ နာရီခန့်တွင် ဖနောင်ပင်မှထွက်ခွာခဲ့ပြီး ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်သို့ပြန်လည်ရောက်ရှိခဲ့ပြီး မကြာမီမှာပင် ညနေပိုင်း၌ ဖျားနာမှုလက္ခဏာများစတင်ခံစားခဲ့ရကာ အဖျားတက်လာခြင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။


