ထိုင်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန်နှင့် မြွေ တရားမဝင်ကုန်သွယ်မှုကို တားဆီးရန်အတွက် မြွေ ပြည်ပတင်ပို့ခြင်းအား ဆယ်စုနှစ်များစွာကြာ တားမြစ်ပိတ်ပင်ထားခဲ့သည်ကို ထိုင်းအစိုးရအဖွဲ့က ရုတ်သိမ်းလိုက်သည်။ သက်ရှိမြွေအရှင်များနှင့် မပြုပြင်ရသေးသော မြွေအရေခွံ ပြည်ပ တင်ပို့ခြင်းကို ပြန်လည် ခွင့်ပြုလိုက်သည်။ တင်းကျပ်သော ကြီးကြပ်မှုအောက်တွင် တရားဝင် မြွေ ပို့ကုန်လမ်းကြောင်းကို ဖန်တီးခြင်းဖြင့် ပြည်တွင်းမွေးမြူသူများအတွက် ဝင်ငွေရရှိစေပြီး တရားမဝင်မြွေတင်ပို့မှုကိုလည်း တားဆီးနိုင်မည်ဖြစ်သည်။ ထိုင်းပြည်တွင်းမြွေကုန်သွယ်မှုသည် တစ်နှစ်လျှင် အနည်းဆုံး ဘတ် ၂၇၅ သန်းဖိုးရှိမည်ဟု ခန့်မှန်းထားသည်။



